
မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်၍ ပြည်တွင်း၊ ပြည်ပစားသုံးမှုများသည့် ကုလားပဲသီးနှံကို ၂၀၂၆ ခုနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် (၂၉၅၁၁) ဧကစိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်တင်းအနေဖြင့် (၁၀-၁၁) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ မြင်းခြံမြို့နယ်အနေဖြင့် စိုက်ဧက (၁၀၅၆၈) ဧက၊ တောင်သာမြို့နယ်အနေဖြင့် (၇၁၄၁) ဧက၊ နွားထိုးကြီးမြို့နယ်အနေဖြင့် (၁၁၈၀၂) ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ပထမပတ်၌ ကုလားပဲV2တစ်တင်းလျှင် ( ၈၁၀၀၀) ကျပ်၊ ကုလားပဲလုံးဖြူလုံးကြီးတစ်တင်းလျှင် (၈၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း၊ ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲတစ်တင်းလျှင် (၂၀၀၀) ဈေးမြင့်တက်လာကြောင်း၊ ကုလားပဲဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ပဲခွဲစက်သမားများ၊ ကုန် သည်များ ဒေသအစုံမှ အဝယ်လိုက်လာခြင်း၊ ပြည်တွင်းကုလားပဲခွဲစက်များ ပုံမှန်လည်ပတ်ရန် အတွက် ကုန်ကြမ်းဝယ်လိုအား ရှိနေသည့်အပြင် လက်ရှိတွင် ရာသီကုန်ခါနီးဖြစ်၍ ပဲလက်ကျန် လျော့နည်းလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သည်။ ကုလားပဲသည် ပြည်ပပို့ကုန်ထက် ပြည်တွင်း စားသုံးမှုအပေါ် ပိုမိုမှီခိုနေရသဖြင့် အခြားပဲများ (မတ်ပဲ၊ ပဲစင်းငုံ) ကဲ့သို့ ဈေးနှုန်း အဆမတန် မြင့်တက်သွားရန် အလားအလာ နည်းပါးပြီး တည်ငြိမ်သောဈေးနှုန်းတွင် အတက်အကျ ရှိနိုင်ကြောင်း ပဲကုန်သည်များ၏ သုံးသပ်ချက်အရ သိရပါသည်။
DOCA(မန္တလေး)
