
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ပြည်သူလူထုအတွင်း အယ်နီညို (El Nino) ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရိုက်ခတ်မှုများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ (၁၄.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်မြို့နယ် ပညာရေးမှူးရုံး၌ ပူးပေါင်းဌာနများဖြင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံမှ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ လျော့နည်းနိုင်ခြေရှိမှုတို့ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ စားသုံးသူများအနေဖြင့်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများကို သတိပြုရွေးချယ် ဝယ်ယူနိုင်ရေးတို့၏ အရေးပါပုံကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စည်းမျဉ်းများအပြင် အယ်နီညိုရာသီဥတုဖြစ်ပေါ်စဉ်ကာလအတွင်း အဓိကစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးကွက်ကစားမှုများမရှိစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှုများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
