ဧရာ၀တီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအ၀င်ဖြစ်သော ပုသိမ်ထီး စျေးကွက်မှာ ပြည်တွင်း/ပြည်ပစျေးကွက်၀ယ်လိုအားရှိပြီး ပြည်တွင်းစျေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံးထီးများ၊ ဟိုတယ်အလှဆင်ထီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်လည်း အလှဆင်ထီးများ ၀ယ်ယူအသုံးပြုလျက်ရှိပြီး ပြည်ပစျေးကွက်တွင် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အများဆုံး ၀ယ်ယူမှုရှိပြီး ရန်ကုန်မှတဆင့်လည်း ပြည်ပသို့ တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။
ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ပီလောပီနံကော်၊ မှိုင်းခံစက္ကူ၊ ကဒ်ထူသားစက္ကူ၊ ဖဲဖျင်၊ ပိတ်စ ပြည်တွင်း ဒေသထွက်ကုန်များကို အသုံးပြု၍ ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှ ၀ယ်ယူသည့် ကုန်ကြမ်းပစ္စည်း များ မပါ၀င်ဘဲ မြန်မာအနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ကနုတ်ပန်းချီရေးဆွဲခြင်း စသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများ Hand Made လက်မှုအနုပညာတစ်ခုအနေဖြင့် လူကြိုက်များကြောင်း ပုသိမ်ထီးပြုလုပ်ရာတွင် ရဟန်း ဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီး အမျိုးမျိုးပြုလုပ် ရောင်းချလျက်ရှိပြီး ယခုလက်ရှိအချိန် မင်္ဂလာဆောင်၊ ရှင်ပြု၊ နားသများတွင် အသုံးပြုရန် ၁၀ လက်မခွဲ၊ ၁၄ လက်မ၊ ၁၅ လက်မ အလှဆောင်းဖဲထီးများကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပြည်၊ မြ၀တီ၊ မူဆယ်၊ ပုဂံ၊ ညောင်ဦးမြို့များမှ မှာယူလျက်ရှိကြောင်း၊ ပုသိမ်ထီး စျေးနှုန်းများမှာ ၁၀ လက်မခွဲကျပ် ၅၅၀၀၊ ၁၄ လက်မကျပ် ၇၅၀၀၊ ၁၅ လက်မ ကျပ် ၁၀၀၀၀ စျေးဖြင့် အရောင်းအ၀ယ် အများဆုံးဖြစ်၍ ကမ်းခြေနှင့် ဟိုတယ်အလှဆင်ရာတွင် အများဆုံး အသုံးပြုလျက်ရှိသော ၆ ပေထီး ကျပ် ၆၅၀၀၀၊ ၈ ပေထီး ကျပ် ၈၅၀၀၀ စျေးဖြင့် ရောင်းချလျှက် ၁ လလျှင် ထီးဆိုဒ်စုံ အလက်ရေ ၅၀၀ ခန့် အမှာစာရရှိပြီး ကိုဗစ်ကာလအလွန် ယခုပွင့်လင်းရာသီမှာ ယခင်နှစ်ထက်ပို၍ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း ပုသိမ်မြို့ တောရကျောင်းလမ်း BAM BOO House ပုသိမ်ထီးလုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(ဧရာဝတီ)