စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံ ဦးဝေယံမြင့်အောင်(ဒု-ကြီးကြပ်ရေးမှူး)သည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၃.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ် အမှတ်(၅/၈/၁၀)အုပ်စုရှိ စပျစ်ခြံ စိုက်ပျိုးသူ ဦးစိုးနိုင်ထံသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။
စပျစ်ခြံစိုက်ပျိုးသူ ဦးစိုးနိုင်အနေဖြင့် (၀.၈၀)ဧကတွင် စပျစ်(၂၂၂)ပင် စိုက်ပျိုးထားပါကြောင်း၊ စပျစ်မျိုးအနေဖြင့် Black Queen အမျိူးအစားအား စိုက်ပျိုးထားကြောင်း၊ စပျစ်တစ်ပင်လျှင် တစ်နှစ်ကို မိုးသီးနှင့် ဆောင်းသီး နှစ်သီးကိုက်ရပြီး စတင်သီးချိန်မှစ၍ အသီးကိုက်သည့်အချိန်ထိ အသီးသီးချိန်မှာ (၄)လမှ (၄)လခွဲ ကြာမြင့်ပါကြောင်း မိုးသီးကိုမေလနှင့် ဆောင်းသီးကို အောက်တိုဘာလလောက်တွင် ကိုက်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် စပျစ်တစ်ပင်လျှင် (၂)ပိဿာမှ (၃)ပိဿာကြားရရှိပြီး မိုးသီးကို စပျစ်ဝိုင်ထုတ်လုပ်ရန် အတွက်မကွေးသို့တင်ပို့ရပါကြောင်း ဆောင်းသီးမှာ အသီးလိုက်ရောင်းချရပြီး (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၆၀၀၀)အတွင်းရရှိကြောင်း တစ်ခါကိုက်ပြီးရောင်းချရာတွင် ငွေကျပ် သိန်းသုံးဆယ်မှ သိန်းလေးဆယ် ရရှိကြောင်း၊ မိုးသီးကို စပျစ်ဝိုင်ထုတ်လုပ်ရောင်းချသည့်အတွက် (၁)နှစ်လျှင် ကျပ်သိန်း(၃၀)ခန့် အကျိူးအမြတ်ရရှိကြောင်း သိရှိရပါသည်။
စိုက်ပျိုးထားသာ စပျစ်ပင်များမှာ သက်တမ်းအားဖြင့် (၈)နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး စပျစ်ပင်များမှာ တစ်ခါစိုက်ပျိုးပြီး နှစ်စဉ်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ပါက နှစ်(၅၀)လောက်ထိ သက်တမ်း ရှည်ကြောင်း၊ အပင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား မိမိကိုယ်တိုင်ပြုလုပ်သောကြောင့် တစ်နှစ်လျှင်ငွေကျပ် သိန်းသုံးဆယ်ဝန်းကျင် ကုန်ကျကြောင်း၊ စပျစ်စိုက်ပျိုးရန်အတွက် ကျောက်တိုင်များ၊ သွပ်ကြိုးများ အသုံးပြုရသည့်အတွက် ကနဦးကုန်ကျစရိတ် ရှိသော်လည်း နှစ်ရှည်ပင်ဖြစ်သည့်အတွက် ရေရှည်တွင် အကျိူးအမြတ်များကြောင်း စပျစ်စိုက်ပျိုးသူ ဦးစိုးနိုင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)