Main menu

ပြည်ဒေသ၏ မြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ပြည်ခရိုင်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အဓိကထား၍ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် (၂)ကြိမ် မိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ ရှိပါသည်။ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲစိုက်ဧကမှာ ၃၇၉၅၃ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ၅၉ တင်းကျော်ခန့်ထွက်ရှိပါသည်။ ဆောင်းမြေပဲကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်အထိ ၂၆၀၂၅ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲများသည် လာမည့်နှစ် ၂၀၂၃ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ထွက်ပေါ်မည်ဖြစ်ပါသည်။ မြေပဲပင်သည် ၃ လခွဲနှင့် ၄ လအတွင်းရိတ်သိမ်းနိုင်ပြီး ရေမြေဒေသကိုလိုက်၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်ပါသည်။ မြေပဲအမျိုးအစား (၂)မျိုးရှိပြီး ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ရှိကာ  ပင်ပြန့်မျိုးကို မိုးခေါင်ရေရှားအရပ်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် ပင်ထောင်မြေပဲကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်မြို့နယ်ရှိ ကျွန်းမြေများပေါ်တွင်လည်း စိုက်ပျိုးကြပါသည်။ မြေပဲများစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး(၆)တင်းခန့်ကုန်ကျပြီး နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။ မြေပဲတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၈၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး၊ မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ၁၃၀၀၀ ကျပ်ဈေးရှိ၍ တစ်ဧကဝင်ငွေမှာ ၇ သိန်းကျော်ရှိ၍ တောင်သူအကျိုးအမြတ်မှာ ၃၄၀၀၀ ကျပ်ခန့်ရရှိသည်ဟု သိရှိိရပါသည်။ မြေပဲများနှုတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရန်ဂရုစိုက်ရပြီး နှုတ်သိမ်းချိန်နောက်ကျပါက မြေပဲနှုတ်ရခက်ပြီး၊ နှုတ်သိမ်းချိန်စောပါကလည်း အစိုဓါတ်များ၍ ဆီထွက်နှုန်းနည်းမည်ဖြစ်ပါသည်။

      ယခု ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပြည်ဈေးကွက်သို့ ကံမဘက် မြေပဲဆန်အိတ် ၉၀၀/၁၀၀၀ ခန့်ဝင်ရောက်မှုရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အနီ)ကို မန္တလေး ဝယ်လက်များနှင့် မြို့တွင်းပဲလှော်ဖိုသမားများက နေ့စဉ်ဝယ်ယူမှုရှိ၍ နေ့စဉ်ရောင်းဝယ်မှုရှိပြီး ဈေးလည်းမြင့်တက်လာပါသည်။ လုံးဆန်(အဖြူ)ကို မြဝတီဝယ်လက်များက အဝယ်ပြန်လိုက်လာသော်လည်း ရက်ခြားသာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းများမှာ မြေပဲဆီဆန်တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေပြီး၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ကျလာခဲ့ပါသည်။ လုံးဆန် (အနီ) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)