မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်သည် ဧရာတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မြေဆီဩဇာကောင်းမွန်သည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသော မြို့တစ်မြို့ဖြစ်ပါသည်။ မင်းလှ မြို့နယ်တွင် ဝါကို ယာမြေတွင်အဓိကထား စိုက်ပျိုးကြောင်းသိရှိရပါသည်။ မင်းလှမြို့နယ်တွင် ဝါစိုက်တောင်သူ ( ၄၆၉၀ ) ဦးရှိပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍနှစ်တွင် ဝါစိုက်ဧက ( ၁၀၀၀၀ ) ကျော်ခန့်ရှိပြီး (၂၀၂၂ - ၂၀၂၃) ဘဏ္ဍနှစ် တွင် ဝါစိုက်ဧက ( ၂၄၅၁၇ ) ကျော်စိုက်ပျိုးထားရှိကြောင်း ဝါဈေးနှုန်းကောင်းမွန်သည့်အတွက် လာမည့်နှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် (၂၀၂၁ - ၂၀၂၂) ဘဏ္ဍနှစ်တွင် ၁ပိဿာလျှင်ဝါ( ၁၅၀၀ မှ ၁၈၀၀ ) အထိရှိပြီး ဝါဂွမ်း၁ပိဿာလျှင် ( ၅၅၀၀ ) အထိဈေးရခဲ့ပြီး၊ ယခုနှစ်တွင် ၁ပိဿာလျှင်ဝါ ( ၂၈၀၀ ) ၊ ဝါဂွမ်း၁ပိဿာလျှင် ( ၆၈၀၀ ) အထိ ဈေးရရှိပြီး ယခင် နှစ်ထက်ဈေးပိုမိုရရှိကြောင်း သိရှိရပါသည်။
မင်းလှမြို့နယ်ရှိ ဝယ်ယူသည့်ဝါပွဲရုံများ၌ ဝါသီးနှံထွက်ရှိသည့်ကာလများတွင် တစ်နေ့လျှင် ပိဿာချိန် ( ၄၀၀၀ မှ ၈၀၀၀ ) ထိအရောင်းအဝယ်ရှိကြောင်းနှင့် လစဉ်ဝါဂွမ်းပိဿာချိန် (၁၅၀၀၀)ခန့် ကိုလည်း မန္တလေးမြို့ရှိ စက်မှုဇုန်သို့တင်ပို့ရောင်းချရကြောင်း ဝါအဝယ်ပွဲရုံလုပ်ငန်းရှင်ဦးစန်းလွင်၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မကွေး)