စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးအဓိကစိုက်ပျိုးသည့်ခရိုင်ဖြစ်ပြီး နှစ်စဉ် မိုးစပါးဧက သုံးသိန်းကျော်စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်ထွက်မိုးသီးနှံစိုက်ပျိုးသည့်ရာသီတွင် မိုးစပါး (၃၅၁၉၃၂)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင်(၁၁၂၉၉၂)ဧက၊ ဝက်လက်မြို့နယ်တွင် (၁၃၉၂၂၃)ဧက၊ ခင်ဦးမြို့နယ်တွင် (၉၉၇၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း၊ စပါးမျိုးကွဲများအလိုက် စိုက်ပျိုးမှုအနေဖြင့် ရွှေဘိုပေါ်ဆန်း (၂၂၅၇၄၈)ဧက၊ ဧရာမင်း(၆၆၁၃၁)ဧက၊ မနော်ဟရီ(၂၃၁၂၉)ဧက၊ ရွှေသွယ်ရင်(၁၉၃၆၈)ဧက၊ IR747 (၁၇၄၄၄)ဧကနှင့် ဆင်းသုခ(၁၁၂)ဧက စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် မိုးစပါးများကို နိုဝင်ဘာလ ကုန်ပတ်ခန့်မှ စတင်ရိတ်သိမ်းခဲ့ပြီး ဇန်နဝါရီလတွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးနိုင်ကြောင်း၊ ဒီဇင်ဘာလကုန်တွင် မိုးစပါးရိတ်သိမ်းပြီးစီးမှုမှာ (၄၀)ရာခိုင်နှုန်းကျော်ရှိပြီး တစ်ဧကကွက်ကောက်အထွက်နှုန်းမှာ (၈၂)တင်းကျော်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
ရွှေဘိုခရိုင်တွင် နှစ်စဉ်မိုးစပါးစိုက်ပျိုးရာ၌ အရည်အသွေးလည်းကောင်းပြီး ဈေးနှုန်းနှင့် ဈေးကွက်ပါ ကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးမှုများခဲ့ပြီး ယခုနှစ်တွင်လည်း ရွှေဘိုပေါ်ဆန်းစပါးကို တစ်ခရိုင်လုံး စိုက်ဧက၏ (၆၄)%ကျော်စိုက်ပျိုးခဲ့ပြီး ဧရာမင်းစပါးကို ဒုတိယအများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ ကျန်ရှိသော အခြားမျိုးကွဲစပါးများမှာ အနည်းငယ်စီသာစိုက်ပျိုးပြီး ရေသွင်း၊ ရေထုတ်ခက်ခဲသည့် လယ်မြေ များတွင် ပျိုးထောင်စိုက်ပျိုးခြင်းမဟုတ်ဘဲ မျိုးစပါးကို ကြဲပက်ပြီး(ကြဲသား)စိုက်ပျိုးကြကြောင်း၊ ဈေးနှုန်း အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင်(၁၅၈၀၀၀ဝိ/)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၀၅၀၀၀ဝိ/-) ပေါက်ဈေးရှိသဖြင့် ယခင်နှစ်ကာလတူနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကာလတူထက် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင်(၄၃၀၀၀ဝိ/-)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၅၀၀၀ဝိ/-)ပိုမိုခဲ့ကြောင်း၊ ဆန်ဈေးအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါတစ်အိတ်လျှင်( ၅၅၀၀ဝိ/-)နှင့် ဧရာမင်းဆန်(၂၄)ပြည်ပါတစ်အိတ်လျှင် (၄၅၀၀ဝိ/-)ပေါက်ဈေးရှိကြောင်း၊ စပါး၊ ဆန်ဈေးများမှာ အရည်အသွေးအပေါ်မူတည်၍ ရောင်းဝယ်မှု ပြုကြသည့်အပြင် ဈေးနှုန်းကွာခြားမှုလည်းရှိကြောင်း၊ ယခုနှစ်တွင် မိုးစပါးပေါ်ချိန်ဈေးသည်အမြင့်ဈေးတွင်ရှိခဲ့သဖြင့် နှစ်ကုန်အပိတ်ဈေးတွင်လည်း အမြင့်ဈေးဖြစ်ရန် တောင်သူများမှ မျှော်လင့်လျက်ရှိကြောင်းသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)