Main menu

တောင်သူဝမ်းရေးကိုက်ဖို့ နှံစားပြောင်းစိုက်ကြစို့

Powered by Drupal

        မြင်းခြံဈေးကွက်အတွင်းသို့ နိုဝင်ဘာနောက်ဆုံးပတ်မှစ၍ နွားစားပြောင်းမှ ရရှိသော နှံစားပြောင်းများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး တစ်ပိဿာဈေး ၁၁၅၀/- ကျပ် ဈေးဖွင့်ရောင်းဝယ်ခဲ့ကြသည်ဟု သိရှိရပါသည်။ နှံစားပြောင်းဟုဆိုရာတွင် နှံစားပြောင်းအနီနှင့် အဖြူဟူ၍ နှစ်မျိုး ရှိပါကြောင်း၊ နှံစားပြောင်းအနီကို ဈေးကွက်အခေါ်အရ ရွှေနီပြောင်းဟူ၍ လည်းကောင်း၊ နှံစားပြောင်း အဖြူကို ဆန်ပြောင်းဟူ၍လည်းကောင်း ခေါ်ဆိုရောင်းဝယ်လျက်ရှိ ကြောင်းသိရှိရပါသည်။ လက်ရှိဈေးကွက်အတွင်းတွင် ရွှေနီပြောင်းကိုသာတွေ့ရှိရပြီး ဆန်ပြောင်း ကိုတော့ လှိုင်လှိုင်မပေါ် သေးသည့်အတွက် ဈေးကွက်အတွင်း အနည်းငယ်မျှသာ တွေ့ရှိရပါသည်။ သက်ဆိုင်ရာဌာန၏ စိုက်ပျိုးထားရှိမှုစာရင်းတွင်  မြင်းခြံမြို့နယ်အနေဖြင့် ၁၇၃၂၀ ဧက၊ တောင်သာမြို့နယ်အနေဖြင့် ၃၉၇၉၀ ဧကနှင့်နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၃၄၈၈ ဧကစိုက်ပျိုး ထားရှိသည့်အတွက် စုစုပေါင်း ၇၆၅၉၈ ဧကစိုက်ပျိုးခဲ့ကြောင်း ယခင်နှစ်စိုက်ပျိုးမှုမှာ ၇၇၇၈၀ ဖြစ်ပြီး ၁၁၈၂ ဧက စိုက်ပျိုးမှုလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

          နှံစားပြောင်းကို စိုက်ပျိုးမြေ တစ်နေရာတည်းတွင် နှစ်ထပ်စိုက်ပျိုးလေ့ မရှိကြောင်းလဲသိရှိရပါသည်။ နှံစားပြောင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ် ၁ သိန်းဝန်းကျင်သာရှိပြီး တောင်သူများနွားစာအဖြစ် စိုက်ပျိုးရာမှ ထွက်ရှိသောအနှံ(အဆံ)ကို ဈေးကွက်တင် ရောင်းချရသည့်အတွက် နွားစာအပြင် အပိုဝင်ငွေလဲ ရရှိသည့် သီးနှံတစ်ခုလည်းဖြစ်တယ်လို့ သိရှိရပါသည်။ ရွှေနီပြောင်း၏ စိုက်ပျိုးထွက်ရှိမှု သက်တမ်း မှာ (၅) လရှိပြီး ၊ ဆန်ပြောင်းမှာ (၆) လသက်တမ်းခန့်ရှိပါကြောင်း ရွှေနီပြောင်းသည် အချိုဓါတ်ရှိပြီး နွားစာတွင်လည်းပိုပြီးအဟာရဖြစ်ပြီး သက်တမ်းလည်း တိုသည့်အတွက် နောက်ပိုင်းတွင် ရွှေနီ ပြောင်းကိုသာ စိုက်ပျိုးမှုများပြားလာပါကြောင်း နွားစာပြောင်း တစ်ဧကလျှင် နွားစာတင်း ၄၀၀ / ၄၅၀ ခန့်ရရှိပါကြောင်း နှံစာပြောင်းအနှံအနေဖြင့် ၁၀ တင်း မှ ၁၂ တင်းခန့်ထွက်ရှိကြောင်းသိရပြီး တစ်တင်းလျှင် အလေးချိန် (၁၈) ပိဿာခန့်ရှိကြောင်းလည်း သိရှိရပါသည်။ လတ်တလော ရွှေနီ ပြောင်းဈေးကွက်အနေဖြင့် တစ်ပိဿာ ၁၁၂၀/- ကျပ်နှင့် ဆန်ပြောင်းတစ်ပိဿာ ၁၀၀၀/-ကျပ် ၊ ၁၀၅၀/- ကျပ် အရောင်းအဝယ်ရှိပြီး ဈေးငြိမ်နေကြောင်းသိရှိရပါသည်။ သီးနှံအမျိူးအစားအလိုက် တစ်ဧကလျှင် ၁၈၀၀၀၀/- ကျပ်မှ ၂၄၀၀၀၀/-ကျပ် ရရှိပါကြောင်း ၊ ဈေးကွက်ဝင်ရောက်မှုအနေဖြင့် တင်း ၁၅၀ / ၂၀၀ ခန့်ရှိကြောင်းနှင့်ပုံမှန်အဝယ်ရှိပြီး မန္တလေးဈေးကွက်သို့တင်ပို့ပြီး တရုတ်ဈေး ကွက်သို့ ဆက်လက်တင်ပို့လျက်ရှိကြောင်း ကုန်သည် အသိုင်းအဝိုင်းမှသိရပါသည်။ သုံးစွဲမှုအနေဖြင့် တိရိစ္ဆာန်အစာအဖြစ်လည်ကောင်း၊ မုန့်လုပ်ရာတွင် လည်းကောင်း ထည့်သွင်းအသုံးပြုကြောင်းသိရှိ ရပါသည်။ ပြောင်းပင်ရိုးကိုလည်း အခြောက်ခံ၍ နွားစာအဖြစ် ပြောင်းရိုးဆင်းစက်တင်ပြီးပါက တစ်တင်းကို ၁၀၀၀/- ကျပ်ရောင်းချရသည့်အတွက်  (၄) သိန်း နှင့် (၅) သိန်းအကြား ဝင်ငွေရရှိ သည့်အတွက် ကုန်ကျစရိတ်နည်းသည့် နှံစာပြောင်း (နွားစာပြောင်း) သည် တောင်သူများကို အမှန် တစ်ကယ်အကျိုးပြုသီးနှံဖြစ်ပါ၍ ဖူးတံပွင့်ချိန် အလေးထားလို့ ကျေးငှက်ရန်ကို ကာကွယ် စောင့်ရှောက်မည်ဆိုက အထွက်တိုးလို့ အမှန်ပင် ဝင်ငွေတိုးပွားစေသည့် သီးနှံပင်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)