Main menu

ရွှေတောင်မြို့နယ်ရှိ ဆောင်းနေကြာစိုက်ပျိုးမှုအားကွင်းဆင်း

Powered by Drupal

            ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်သုံးပင် ကျေးရွာအုပ်စု၊ လက်ပံပုကျေးရွာရှိ ဆောင်းနေကြာ စိုက်ပျိုးထားမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလတွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

         ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းနေကြာကို ၁၄၃၉ ဧကစိုက်ပျိုးရန်လျာထားပြီး သရက် သုံးပင်အုပ်စုအနေဖြင့် ၁၂၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု လက်ပံပုကျေးရွာရှိ ဆောင်းနေကြာစိုက်ပျိုးသူတောင်သူ ဦးညွှန့်ဝေ နှင့်တွေ့ဆုံပြီး ၎င်းမှဆောင်းနေကြာ (၃)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်နေကြာမျိုးမှာ ဆင်းရွှေကြာ- (၂) မျိုးဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းနေကြာတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းနီးပါးကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၂)တင်း ခန့်ထွက်ရှိပြီး ယခုလက်ရှိ နေကြာသီးနှံပေါက်ဈေးမှာ တစ်တင်းလျှင် ၃၅၀၀၀ကျပ် ရှိသဖြင့် တစ်ဧကဝင်ငွေမှာ ၄၂၀၀၀၀ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ နေကြာစိုက်ပျိုး သူတောင်သူများအနေဖြင့် အသားတင်အကျိုးအမြတ်မှာ ကျပ်(၂)သိန်းကျော်ရရှိသဖြင့် ၃ဧက စိုက်ပျိုးသူ တောင်သူများအနေဖြင့် ကျပ် ၆သိန်းကျော် ၇သိန်းနီးပါးခန့် ရရှိနိုင်မည်ဟု သိရှိရပါသည်။

       နေကြာသီးနှံသည် ဆီထွက်သီးနှံအမျိုးအစားထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စားသုံးဆီဖူလှုံရန်အတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးပါက စားသုံးဆီဖူလှုံသည့်အပြင် စိုက်ပျိုးသူ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)