ယခုလတ်တလောတွင် ဘေထုပ်အထည် (Thrift) များကို Online မှတဆင့် ရောင်းနေကြပြီး ဝယ်ယူသူများအနေဖြင့်လည်း သဘောကျနှစ်သက်နေကြောင်း တွေ့ရှိလာရပါသည်။ ဘေထုပ်ဆိုင်များသည် ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက တည်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘေထုပ်အထည်တည်ရှိလာသည်မှာ ရာစုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်ပါသည်။ ယခုလက်ရှိတွင် အားလုံးနီးပါးသည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Online Shopping ခေတ်စားလာမှုနှင့်အတူ ဘေထုပ်ဝတ်ခြင်း/ဝယ်ခြင်းကိုရှက်စရာဟုမမြင်ဘဲ လက်ခံလာကြပါသည်။
လက်တွေ့၌ နိုင်ငံတစ်ကာတွင် ဘေထုပ်အထည်များကို သာမန်အထည်များထက် လူပိုမိုစိတ်ဝင်စားကြပါသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကြီး Brand အထည်များကို ဈေးနှုန်း သက်သက်သာသာဖြင့် ရရှိနိုင်သည့် တစ်ခုတည်းသောနေရာမှာ ဘေထုပ်အထည်ဆိုင် (Thrift Stores) များပင်ဖြစ်ပါသည်။ ယခုလို ြပ်တည်းနေသည့်ကာလတွင် ဘေထုပ်အထည်များကိုဝယ်ဝတ်ခြင်းသည် ငွေကြေးကို ချွေတာရာရောက်သည့်အပြင် ခေတ်နဲ့အနီးစပ်ဆုံးဖက်ရှင်ကျသည့် အဝတ်အထည်များကို ဝတ်ဆင်နိုင်သလို နိုင်ငံခြားထုတ် နာမည်ကျော် Brand များကို အင်္ကျီအသစ်ဝယ်ခြင်းထက် သုံးပုံနှစ်ပုံလောက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး အဝတ်အစားအသစ်များကို ဖန်တီးသည့်အခါ ကြာရှည်ခံစေရန်နှင့် အရောင်လှစေရန် ဓာတုပစ္စည်းများကိုအသုံးပြုရသည့်အတွက် ပတ်ဝန်းကျင်ကိုထိခိုက်စေသဖြင့် အထည်သစ်မဟုတ်သည့် ဘေထုပ်သည် Recycle သဘောမျိုးဖြစ်သည့်အတွက် ဘေးပတ်ဝန်းကျင်ညစ်ညမ်းမှုကို အထိုက်အလျောက်လျော့ချပေးသော သဘောမျိုးဆောင်နေပါသည်။
မြန်မာနိုင်ငံ၌ ကြည့်မြင်တိုင်ညဈေး ဘေထုပ်တန်းမှာ ရန်ကုန်မြို့၏ နာမည်ကျော်ကြားသည့် နေရာတစ်ခုဖြစ်သည်ဟု ပြောရမည်ဖြစ်ပါသည်။ ဘေထုပ်အမျိုးအစားများစွာကို ဝင်လာသည့်နိုင်ငံပေါ်မူတည်ပြီး ခွဲခြားကာ ရောင်းချကြပါသည်။ မြန်မာနိုင်ငံတွင် ဂျပန်၊ ကိုရီးယား၊ ထိုင်း ဘေထုပ်များမှာ အဝင်ပိုများပါသည်။ ဘေထုပ်အထည်တိုင်းသည် အကောင်းချည်းမဟုတ်သော်လည်း ကောင်းတာရော၊ မကောင်းတာပါရောထွေးနေပြီး သေသေချာချာ အချိန်ပေးကာ ရွေးချယ်ခြင်းဖြင့် (Quality) အရည်အသွေးကောင်းသည့်အထည်များကိုရရှိမည်ဖြစ်ပါသည်။
အထည် (Quality) အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများခွဲခြားကာ ရောင်းချလေ့ရှိပြီး ကလေးအထည်၊ ဂါဝန်၊ တီရှပ်အစုံ၊ ကုတ်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ၊ သိုးမွှေးထည်၊ ယုန်မွှေးထည် စသည့်အဝတ်အထည်အမျိုးအစား အသီးသီးခွဲခြားကာ Online မှတဆင့် Live လွှင့်ရောင်းချခြင်း၊ ဆိုင်ခန်းဖွင့်လှစ်ရောင်းချခြင်းနှင့် စည်ပင်ဈေးများအတွင်း ချိတ်ရောင်းခြင်း၊ ပုံရောင်းခြင်းစနစ်များဖြင့် ရောင်းချခြင်းများကို တွေ့ရှိရပါသည်။ ဥပမာ- ဘေထုပ်အင်္ကျီတစ်ထည်၏တန်ဖိုးသည် (Brand) တံဆိပ်ပေါ်မူတည်၍ ကျပ် ၃၅၀၀ မှ ကျပ် ၁၀၀၀၀ ကျော်အထိရှိပြီး ယင်းအထည်ကို အပြင်တွင် အသစ်ဝယ်မည်ဆိုလျှင် အနည်းဆုံးဈေး ကျပ် ၈၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ဈေးပေးဝယ်ယူရသဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ခေတ်နှင့်လျော်ညီစွာ ဝယ်ယူဝတ်ဆင်နိုင်သောအခွင့်အရေးကို ရရှိနေသည့်အတွက် ဘေထုပ်အထည်များကို လူကြီး၊ လူငယ်မရွေး နှစ်သက်ရာသဘောကျလာနေပါသည်။
ဘေထုပ်ဆိုသည်မှာ မရှိဆင်းရဲသောနိုင်ငံများ၊ ရေဘေးသင့်သူများ၊ မိဘမဲ့ဂေဟာများ၊ ဘေးဒုက္ခကြုံတွေ့နေရသောနိုင်ငံများကို အခြားနိုင်ငံများက လှူသည့်အခါတွင် ပေးသည့်အရာများဖြစ်ပါသည်။ ဤကဲ့သို့လှူတန်းရာ၌ အချို့နိုင်ငံများ၏ အထည်ချုပ်စက်ရုံကုမ္ပဏီများက အထည်အသစ်များကို လှူပေးခြင်းရှိသည့်အတွက် အချို့ဘေထုပ်များထဲတွင် စက်ရုံထုတ်အထည်အသစ်များပါလာသည်မှာ မှန်သော်လည်း အချို့ဘေထုပ်များတွင် မကြိုက်သည့်အတွက်လည်းကောင်း၊ ခေတ်မမီတော့သည့်အတွက်လည်းကောင်း၊ နဲနဲဟောင်းသွားလို့ဆိုပြီး ဝတ်ပြီးသားအထည်များလည်း ပါလာတတ်ပါသည်။ ယင်းကဲ့သို့လှူတန်းရာမှတဆင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ဝင်သည်အထိ လူကြိုက်များလာပါသည်။
ဘေထုပ်အထည်များသည် ဈေးကွက်ဝင်လူကြိုက်များလာသည်မှာ မှန်သော်လည်း အခြားသောတစ်ဖက်နိုင်ငံများက ဝင်လာခြင်းဖြစ်သည့်အတွက် ဘေထုပ်များကို ဝတ်ဆင်သည့်အခါတွင် အထည်အဟောင်းများတွင် တခြားသူများဆီက ရောဂါပိုးများကပ်ပါလာနိုင်ပါသည်။ ၎င်းအတွက် ဘေထုပ်များကို ဝတ်ဆင်တော့မည်ဆိုလျှင် မဖြစ်မနေ သေချာစွာပိုးသတ်ပြီးမှ သန့်ရှင်းအောင်လျှော်ဖွတ်ကာ မီးပူတိုက်၍ ဝတ်ဆင်သင့်ပါကြောင်း၊ အချို့ဘေထုပ်ရောင်းသူများအနေဖြင့်လည်း ဈေးပိုယူကာ မိမိရောင်းချခြင်းဖြစ်ကြောင်း ကြေညာပြီးမှ ရောင်းချခြင်းများကိုလည်း ဈေးကွက်ထဲတွင်တွေ့ရှိနေရပါသည်။ မည်သို့ပင်ဆိုစေ ဝယ်ယူသည့်ဘေထုပ်အထည်များကို သေချာစွာပိုးသတ်လျှော်ဖွတ်၍ မီးပူတိုက်ပြီးမှ ဝတ်ဆင်သင့်ပါကြောင်း သတိပြုဆင်ခြင်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)