Main menu

ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုမည့် တောင်ငူမြို့နယ်မှ နေကြာစိုက်ပျိုးရေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ တောင်သူလယ်သမား ၉၃၉ ဦးတို့သည် ဆောင်းနေကြာများကို စိုက်ပျိုးလျက်ရှိရာ နေကြာသီးသန့် ၄၁၈ ဧက၊ သီးညှပ် ၃၃၂၀ ဧက၊ စုစုပေါင်းဆောင်းနေကြာ ၃၇၃၈ ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရသိရှိရပါသည်။

   စစ်တောင်းမြစ်သည် တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသောကြောင့် ဆောင်းရာသီ မြစ်ရေကျချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော တောင်သူလယ်သမား များကို များစွာအကျိုးပြုလျက်ရှိပါသည်။ စစ်တောင်းမြစ်ကမ်းရှိ ကျေးရွာများတွင် နေကြာကို သီးသန့်စိုက်ခင်းများဖြင့် စိုက်ပျိုးလျက်ရှိကြပါသည်။

       ဒိုးအင်းကျေးရွာအုပ်စုနှင့် ကရင်ချောင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဦးစီးဌာနက နေကြာမျိုးကောင်းမျိုးသန့်ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုဓါတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများပိုမိုများပြားလာပါသည်။

        ဒိုးအင်းကျေးရွာအုပ်စုတွင် ယခင်နှစ်က ဆောင်းနေကြာ သီးသန့် ၈ ဧကနှင့် သီးညှပ် ၅၁ ဧကစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဆောင်းနေကြာ သီးသန့်  ၂၃၈ ဧကနှင့် သီးညှပ် ၆၁၈ ဧကအထိစိုက်ပျိုးလာကြပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုရာတွင် အောင်မြင်ဖြစ်ထွန်းနေသည်ကိုတွေ့ရှိရပါသည်။

              တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဆောင်းနေကြာ ၁၈၈ ဧကသာ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၃၇၃၈ ဧကအထိစိုက်ပျိုးလာကြကြောင်း၊ ဇန်နဝါရီလကုန်တွင် နေကြာများရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုလာမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ပြောပြချက်အရသိရှိရပါသည်။

DOCA(ပဲခူး)