စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးကာ အသိပညာပေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်ပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိကို စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဥ်း၍ ဌာနက မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ စသည့်ကုန်ကျစရိတ်များကို ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေမှုအား အသိပညာပေးဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်၊ ကျောက်စိမ်း အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းကို (၃၆) ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)