၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) မှ ဖော်ထုတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ (၁၅) ချက်၊ ကြိတ်ခွဲထုတ်လုပ်မှု ကဏ္ဍ(၁၀)ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ (၁၈) ချက် စုစုပေါင်း ဖော်ထုတ်ချက် (၄၃)ချက် ဖော်ထုတ်ခဲ့ပါကြောင်း၊ ကြိတ်ခွဲမှုကဏ္ဍပါ ဖော်ထုတ်ချက်များအနက် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ် မောင်းနှင်သူများအတွက် မွမ်းမံ သင်တန်းများ၊ ကျွမ်းကျင်ပညာရှင်များမှတစ်ဆင့် ဆင့်ပွားသင်တန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဆန်စပါး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရိတ်သိမ်းချိန်လွန်ကဏ္ဍ၌ ဆန်အရည်အသွေးနှင့် ပတ်သက်၍ ကြုံတွေ့နေရသော ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ ခေတ်မီ စပါးအခြောက်ခံစက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်၊ တန်းမြင့်ဆန်ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့် ခေတ်မီဆန်စက်များကို တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်၊ ဆန်စက်အခြေခံ နည်းပညာများနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်း မျှဝေနိုင်စေရန်နှင့် ဆန်စပါးကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများ ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပို့ချသွားရမည်ဖြစ်ပါကြောင်းနှင့် သင်တန်းအား အောင်မြင် စွာဖွင့်လှစ်နိုင်ရေးနှင့် ယခုသင်တန်းမှ ပို့ချခဲ့သည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်၌ အမှန်တကယ်အသုံးချနိုင်သည့် အဆင့်ရောက်ရှိစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည့် အတွေ့အကြုံကောင်းများရှိပြီး ဖြစ်ရာ အဆိုပါသင်တန်းပို့ချခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို အခြေခံ၍ ယခုသင်တန်းအား အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများက သင်တန်းအား အောင်မြင်စွာ ကျင်းပနိုင်ရေးတွက် တာဝန်ယူဆောင်ရွက်မည့်အပိုင်းများအား အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ CTQM သင်တန်းကျောင်းက တာဝန်ယူဆောင်ရွက်မည့်အပိုင်းများ၊ သင်တန်းတွင်ပို့ချရန် လျာထားသည့် ဘာသာရပ်များ၊ ကွင်းဆင်းလေ့လာမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ITQM