Main menu

စားသုံးသူများ လက်တွဲလို့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဂုဏ်ပြုကြိုဆိုဆင်နွဲစို့

Powered by Drupal

    စားသုံးသူဟုဆိုရာတွင် နေ့စဉ်မပြတ် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို အမျိုးမျိုးသော နည်းလမ်းများဖြင့် စားသုံးနေကြသူ၊ သုံးစွဲနေကြသူများဖြစ်ကြသည်။ စားသုံးသူများအတွက် အမှတ်တရနေ့စွဲရှိသည်။ စားသုံးသူများကို အလေးထားဂရုပြုသည့်အနေဖြင့် အထိမ်းအမှတ်ပွဲ ကျင်းပသည့် နေ့လည်းဖြစ်ပါသည်။ ထိုနေ့သည် စားသုံးသူ(ပြည်သူ)များ၏ ကိုယ်စိတ်နှစ်ပါးလုံခြုံစေရေး၊ ဆုံးရှုံးနစ်နာမှုလျော့ပါးစေရေးတို့ကို  အလေးထားမြှင့်တင်ဖို့အထူးပြုသော မတ်လ ၁၅ရက်နေ့ပင် ဖြစ်ပါသည်။

  ထိုနေ့စွဲကို မှတ်ကျောက်တင်ထားခဲ့ကြရာမှအစပြု၍ စားသုံးသူနှင့်လှုပ်ရှားမှု ပေါ်လွင်လာစေခဲ့သည်။ အနောက်နိုင်ငံများတွင် ၁၉၆၀ ခုနှစ်နောက်ပိုင်းကစ၍ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အရေးဆိုဆောင်ရွက်လာမှုများအပေါ် ပထမဦးဆုံးဆောင်ရွက်ခဲ့သူမှာ အမေရိ ကန်ပြည်ထောင်စုသမ္မတဂျွန်အက်(ဖ်)ကနေဒီ( John F Kennedy) ဖြစ်ပါသည်။ ၁၉၆၂ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် စားသုံးသူအခွင့်အရေးများနေ့ကို သတ်မှတ်ပေးခဲ့သူလည်းဖြစ်ပါသည်။ စားသုံးသူအပေါ် အလေးထားဂရုပြုသည့်အနေဖြင့် သတ်မှတ်ပေးခဲ့သော မတ်လ ၁၅ ရက်နေ့၌  အမေရိကန်ပြည်ထောင်စုသမ္မတဂျွန်အက်(ဖ်)ကနေဒီက “စားသုံးသူတွေထဲမှာလည်း ကျွန်တော်တို့ အားလုံးပါဝင်ပါတယ်၊ အဲဒီစားသုံးသူတွေဆိုတာဟာ ကမ္ဘာပေါ်မှာစီးပွားရေးအရ အင်အားအကြီး ဆုံးအုပ်စုတစ်ခု အစိုးရဘက်ကရော ပုဂ္ဂလိဘက်ကပါ စီးပွားရေး နှင့်ပတ်သက်လို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှရဲ့ ကောင်းမွေ၊ ဆိုးမွေကို ခံစားရတဲ့သူတွေပါ၊ အဲဒီစားသုံးသူတွေဟာ အဲသလောက်ကို အရေးကြီးတဲ့အုပ်စုပေါ့၊ သို့ပေမယ့် အဲဒီလူတွေရဲ့ အသံကိုကျတော့ နားမထောင်ဘဲ ငေးနေကြပါတယ်” လို့ မိန့်ကြားမှုမှသည် စားသုံးသူများ၏ ဘဝကို လေးလေးနက်နက် အထူးပြုသည့် ကိစ္စရပ်များကို ဖော်ဆောင်မှုအထိ ဖြစ်ပေါ်လာစေပါသည်။

     ယင်းနောက် ပထမဦးဆုံး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day- WCRD )ကို ၁၉၈၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့မှာ စတင်ကျင်းပခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ မတ်လ ၁၅ ရက်နေ့ရောက်တိုင်း  WCRD နေ့ အထိမ်းအမှတ်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ဆောင်ပုဒ်များနှင့်အတူ စားသုံးသူများကပင် ပါဝင်ဆင်နွဲလျက်ရှိကြသည်။ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အတွက်   အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)က  နှစ်စဉ် ဆောင်ပုဒ် (Theme)များ ထုတ်ပြန်ကာများ၊ အထိမ်းအမှတ်အခမ်းအနားဂုဏ်ပြုပွဲကို ကျင်းပကြပါသည်။  ထို့နောက်    အာဆီယံနိုင်ငံ    ( ASEAN    Economic   Community –  AEC ) ၏   Blueprint       အရ အာဆီယံနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးကို အပြည့်အဝအကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပြဌာန်းနိုင်ရေး ဦးစားပေး ရည်မှန်း ချက်ထားကာဆောင်ရွက်လျက်ရှိခဲ့သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)၏ လက်အောက် တွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)ကို ၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)မှ တဆင့် ပိုမိုခိုင်မာလာစေရန် လုပ်ငန်းများ ချမှတ်ဆောင်ရွက်လာခဲ့ကြသည်။ ယင်းနောက် အာဆီယံ(၁၀)နိုင်ငံများတွင် စားသုံးသူကာကွယ် ရေးဥပဒေများ အသီးသီးပြဌာန်းလာခဲ့ကြသည်။  ဘရူနိုင်းနိုင်ငံ(၁၉၇၉)ခုနှစ်၊  ကမ္ဘော့ဒီးယားနိုင်ငံ (၂၀၁၈)ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ (၁၉၉၉)ခုနှစ်၊ လာအိုနိုင်ငံ(၂၀၁၀)ခုနှစ်၊ မလေးရှားနိုင်ငံ(၁၉၉၉)ခုနှစ်၊ မြန်မာနိုင်ငံ(၂၀၁၄၊ ၂၀၁၉)ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ(၁၉၉၂)ခုနှစ်၊ စင်ကာပူနိုင်ငံ (၁၉၉၁)ခုနှစ်၊  ထိုင်းနိုင်ငံ(၁၉၇၉)၊ ၂၀၁၃ခုနှစ် ၊ ဗီယက်နမ်နိုင်ငံ(၂၀၁၀)ခုနှစ်တို့၌ ပြဌာန်းခဲ့ကြသည်။  

     မြန်မာနိုင်ငံအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်ခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား ပြောင်းလဲပြင်ဆင်ခဲ့မှုရှိခဲ့ရာတွင် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊  ၂၀၁၆ခုနှစ်၊ ဧပြီလ၁ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်ပါသည်။ ဥပဒေပြဌာန်းသတ်မှတ်မှုနှင့်စပ်လျဉ်း၍ ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀။ ဖြင့် ပြဌာန်း၍ ဆောင်ရွက်ခဲ့သည်။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၄)အား ပိုမိုအားကောင်းစေရေးအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်၉။ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ဖြင့် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်  စားသုံးသူကာကွယ်ရေး နည်းဥပဒေများကိုလည်း ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ ဤသို့ဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်မှာ (၁၀)နှစ်ကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

  ထိုသို့ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပေါ်ပေါက်လာခြင်းအား စားသုံးသူများသိရှိစေရန်လည်း နည်းလမ်းအမျိုးမျိုးဖြင့်ဖော်ဆောင်ပေးလျက်ရှိသည်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်ပြီး စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ကိုဖွင့်ဆိုရာတွင် “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေး သည့် မျှတမှုရှိသောလုပ်ငန်းစဉ်”ဟူ၍ ဖြစ်ပါသည်။  ဥပဒေပါ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ဖော်ပြထားပေသည်။ UN ၏ Guide Line အရ ချမှတ်ထားသော စားသုံးသူအခွင့်အရေး(၈)ချက်မှာ  စားသုံးသူ(ပြည်သူ)များအဖို့ တူညီမျှတစွာရရှိမည့် အခွင့်အရေးရပိုင်ခွင့်များလည်း  ဖြစ်ပါသည်။ စားသုံးသူအခွင့်အရေး(၈)ချက်အားစားသုံးသူများသိရှိဖို့စားသုံးသူများအား အသိပညာပေးကဏ္ဍမျိုးစုံဖြင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ စားသုံးသူအခွင့်အရေးများမှာ- (၁)စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင်စိတ်ကျေနပ် မှုရရှိစေခြင်း၊ (၂) ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ (၃) သတင်းအချက်အလက် များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာသို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ (၄)စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ (၅)စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ (၆) နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ (၇)အသိပညာဗဟုသုတများ၊ အခွင့်အရေးများ နှင့်လိုအပ်သော အချက်အလက်များကိုသိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈) ပစ္စုပွန်တွင်သာမကအနာ ဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှု အဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း အခွင့်အရေးတို့ပင်ဖြစ်ပါသည်။

      စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားဂရုပြုမြှင့်တင်သည့်အနေဖြင့် စားသုံးသူ အခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့(Consumer International)က နှစ်စဉ် မတ်လ(၁၅) ရက်နေ့ကျရောက်တိုင်း ဆောင်ပုဒ်များ(Theme) သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားအား ကျင်းပကြပါသည်။ ထိုသို့ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့်  စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များ၌ အလှည့်ကျကျင်းပမှုပြုလုပ်ခဲ့ကြပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပထမအကြိမ်အခမ်းအနားကို  ၂၀၁၆ခုနှစ်မတ်လ(၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လည်း ကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၇ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့ တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Horzion Lake View Resort Hotel တွင်လည်းကောင်း၊ စတုတ္တအကြိမ်ကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ အလှည့်ကျစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပဉ္စမအကြိမ် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day)ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၀ပြည့်နှစ်တွင် Covid-19ကပ်ရောဂါဖြစ်ပေါ်ခဲ့ပြီး ထိုရောဂါအား ကမ္ဘာ့လုံးဆိုင်ရာကပ်ရောဂါ (Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၁၁.၃.၂၀၂၀ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့၍ ကူးစက်နိုင်ခြေရှိသည့် လူစုလူဝေးဖြင့် ကျင်းပသောအခမ်းအနားများ ပွဲလမ်းသဘင်များကို ၃၀.၄.၂၀၂၀ ရက်နေ့အထိ  ကျင်းပခွင့်မပြုဘဲ   ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက ၁၃.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၁)နိုင်ငံ၌ ပြန့်ပွားလျက်ရှိသော Coronavirus Disease (COVID-19)ကြောင့် လူစုလူဝေး ဖြင့်ပွဲလမ်းသဘင်များရှောင်ကြဉ်ကြရန်အတွက် နှိုးဆော်မှုများကြောင့်ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ မကျင်းပခဲ့ရပါ။ သို့ဖြစ်ပါ၍ ထူးခြားနှစ်များဖြစ်ခဲ့သည့် (၂၀၂၀ ၊ ၂၀၂၁ ၊၂၀၂၂) ခုနှစ်တို့တွင် Coronavirus Disease (COVID-19)ကြောင့် မတ်လ(၁၅)ရက်နေ့၏ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပခွင့်မရနိုင်ခဲ့ခြင်းဖြစ်ပါသည်။

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သတ်မှတ်ဆောင်ပုဒ် (Motto)“စားသုံးသူအခွင့်အရေးဦးစီးပေး”အတိုင်း မြန်မာနိုင်ငံစားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ရည်မှန်းချက်များအတိုင်း စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ အကျိုးစီးပွား ကာကွယ်ခြင်းနှင့် စဉ်ဆက်မပြတ် စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးဆောင်ရွက်ခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကမ်ပိန်း (Campaign / Media Campaingn)ဖြင့် စားသုံးသူများသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်သည့် အစီအစဉ်များဆောင်ရွက်ခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ထမ်းများက တက်ညီလက်ညီ စားသုံးသူများနှင့် အတူအကွ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Cnsumer Rights Day) အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာနက အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International-CI)က ထုတ်ပြန်ပေးသည့် ဆောင်ပုဒ်(Theme)များအား အင်္ဂလိပ်ဘာသာနှင့်ထုတ်ပြန်ချက်အား မြန်မာဘာသာသို့ ပြန်ဆို၍ စားသုံးသူများနှင့်အတူတကွ ပါဝင်ဆင်နွဲခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၆ခုနှစ်မှစ၍ CI ၏ ဆောင်ပုဒ်များဖြစ်သော ၂၀၁၆ ခုနှစ်တွင် “အစားအစာဟူသမျှပဋိဇီဝဆေးကင်းစင်ပ”  (Autibiotic off the Menu)၊ ၂၀၁၇ခုနှစ်တွင် “ဒီဂျစ်တယ်ကမ္ဘာတည်ဆောက်ရေး စားသုံးသူယုံကြည်မှုအလေးပေး” (Building a Digital World Consumer can trust)၊ ၂၀၁၈ခုနှစ်တွင် “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး” (Fairer Digital MarKeplace)၊ ၂၀၁၉ခုနှစ်တွင် “စိတ်ချယုံကြည်ဒစ်ဂျစ်တယ်ထုတ်ကုန်များဆီ” (Trusted Smart Product)၊ ၂၀၂၀ပြည့်နှစ်တွင် “စားသုံးသူအရေးစဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ပေး” (The Sustainable Consumer)၊ ၂၀၂၁ခုနှစ်တွင် “ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်စုပေါင်းကာကွယ်” (Tacking Plastic Pollution)၊ ၂၀၂၂ခုနှစ်တွင် “ညီညွှတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” (Fail Digital Balance) ဆောင်ပုဒ်များဖြင့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ကြပါသည်။

    ယခုနှစ် ၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့သည် မကြာမီကာလအတွင်း ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ မတ်လ (၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား စားသုံးသူများပါဝင်လို့အခမ်းအနားကို  တိုင်းဒေသကြီး/ ပြည်နယ်များအနှံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြ မည်ဖြစ်ပါသည်။၂၀၂၃ခုနှစ်၏အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့(Consumer International)မှ ထုတ်ပြန်ပေးသည့်ဆောင်ပုဒ် (Theme)ကို အင်္ဂလိပ်ဘာသာဖြင့် (Empowering Consumers Through Clean Energy Transitions ) ထုတ်ပြန်ချက်အား “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ” ဆောင်ပုဒ်ဖြင့်  စားသုံးသူများအားလုံး ကိုယ်စိတ်လုံခြုံဘေးကင်းစေရေး အတူတကွ ပူးပေါင်း၍ပါဝင်ဆင်နွဲဖို့ တိုက်တွန်းလျက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  “World Consumer Rights Day” အား ဂုဏ်ပြုကြိုဆို ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မွန်)