တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် စတော်ဘယ်ရီသီးများမှာ ပေါ်ဦးပေါ်စ၌ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိရောင်းချခဲ့ရပါသည်။ ၂၀ ကျပ်သားကို ဘူးများဖြင့်ထုပ်ပိုးပြီး တစ်ဘူးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရောင်းချပါသည်။ ယခု အသီးများလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ထိနှင့် ၂၀ ကျပ်သားဘူးတစ်ဘူးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိရောင်းရကြောင်း ညောင်ပင်လေးဈေးရှိ သစ်သီးဆိုင်များမှသိရှိရပါသည်။
စတော်ဘယ်ရီသီးများသည် အရည်ရွှမ်းပြီး ချိုမြိန်သည့်အရသာကြောင့် လူကြီးလူငယ်မရွေးနှစ်သက်ကြပါသည်။ ယခုကဲ့သို့ ပူအိုက်သည့်ရာသီတွင် စတော်ဘယ်ရီသီးများကို ဖျော်ရည်ဖြစ်စေ၊ ရေခဲမုန့်အဖြစ်ဖြစ်စေ အမျိုးမျိုးစိတ်တိုင်းကျသလို စားသောက်နိုင်ပါသည်။ စတော်ဘယ်ရီသီးကို ပုံမှန်စားသုံးခြင်းအားဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုမှ ကြိုတင်ဟန့်တန်းပေးနိုင်ပါကြောင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ သွေးများလည်ပတ်မှုကောင်းမွန်စေသောကြောင့် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)