စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများအပြင် ဝန်ကြီးဌာနကိုယ်စား ကုမ္ပဏီမှတ်ပုံတင်အသစ် လျှောက်ထားလာမှုများနှင့်ပတ်သက်၍လည်း မြေပြင်ကွင်းဆင်းစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများတွင် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ နဂါးလိမ်လမ်းရှိ ဦးမြင့်သိန်းဦးက Star(Joshua)Co.,Ltd အမည်ဖြင့် ကုမ္ပဏီမှတ်ပုံတင်လျှောက်ထားလာခြင်းကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းရှင်က ကုမ္ပဏီထူထောင်ရခြင်းမှာ လက်ရှိလုပ်ငန်းဖြစ်သော ငါးနီတူခြောက်များကို Handcarry ဖြင့် မလေးရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့လျက်ရှိရာမှ နောင်တွင် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထား၍ ပမာဏများများတင်ပို့နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။ လုပ်ငန်းရှင်က ငါးနီတူခြောက်များကို မလေးရှားနိုင်ငံသို့ Handcarry ဖြင့် တိုက်ရိုက်တင်ပို့မှုအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှစ၍ တင်ပို့လျက်ရှိပြီး ယခုအခါ သင်္ဘောဖြင့်တင်ပို့နိုင်ရေး ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ကြမ်းအား ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ လှေကြီးချိုင်ရွာမှဝယ်ယူပြီး ပြန်လည်သန့်စင်၍ တင်ပို့ကြောင်းနှင့် ပြည်ပမှ ငါးနီတူခြောက်ဝယ်ယူသူများမှာ ယခင်က ထိုင်းနိုင်ငံမှဝယ်ယူခြင်းဖြစ်ပြီး ထိုင်းငါးနီတူခြောက်မှာ ကြော်လျှင် မာဆတ်လျက်ရှိသည့်အတွက် မြန်မာငါးနီတူခြောက်မှာ ပိုမိုစားကောင်းကြောင်း လေ့လာသိရှိရပါသည်။
ကုန်ကြမ်းအား ပြည်အရောက် တစ်ပိဿာလျှင် (၁၃၀၀၀ - ၁၅၀၀၀) ကျပ်ခန့်ကုန်ကျပြီး ပြန်လည်သန့်စင်သည့်လုပ်သားခ၊ ထုပ်ပိုးခနှင့်မလေးရှားအရောက် ကုန်ကျစရိတ်အနေဖြင့် တစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ ငါးနီတူခြောက်တစ်ကီလိုလျှင် မလေးရှားငွေ (၂၅-၃၀) ရင်းဂစ်ရရှိပါသဖြင့် မလေးရှားငွေ ၁ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ယနေ့ပေါက်ဈေး ၆၆၀ကျပ်ဖြစ်၍ တစ်ကီလိုလျှင် မြန်မာကျပ်ငွေ (၁၆၅၀၀-၁၉၈၀၀) ကျပ်ရရှိမည်ဖြစ်ပါသည်။ ၃ကီလိုလျှင် ၂ပိဿာရရှိသည့်အတွက် တစ်ပိဿာလျှင် (၂၄၇၅၀-၂၉၇၀၀)ကျပ် ဈေးရရှိပါသဖြင့် တစ်ပိဿာအကျိုးအမြတ်အနေဖြင့် (၆၀၀၀-၁၀၀၀၀) ကျပ်ခန့် အကျိုးအမြတ်ရရှိပါသည်။ တစ်လလျှင် ပိဿာချိန် ၂၀၀နီးပါးတင်ပို့ရသဖြင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၁၂)သိန်းမှ ကျပ်(၂၀) သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။
အဆိုပါလုပ်ငန်းမှ ပို့ကုန်သွင်းကုန်လိုင်စင်ရရှိပြီးပါက ယခုထက်လုပ်ငန်းပိုမို တွင်ကျယ်လာမည်ဖြစ်ပြီး ပြည်ခရိုင်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါသည်။
DOCA(ပဲခူး)