(၁၅.၃.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများအား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။
ဟောပြောပွဲတွင် မိတ်ဖက်ဌာနဆိုင်ရာများက အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ပြည်သူများအား ကမ္ဘာ့အထိမ်းအမှတ် နေ့များအနက် ယနေ့ မတ်လ(၁၅)ရက်နေ့သည့် နှစ်စဉ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်ပါ သောကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများနေ့စဉ် ဖြတ်သန်းတွေ့ကြုံလျက်ရှိသည့် စားရေး၊ နေရေး၊ ဝတ်ရေးဟူသော အရေးသုံးပါးနှင့် ပတ်သက်၍ စားသုံးသူတို့အတွက် ကာကွယ်ပေးရန် မျှတသည့် စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည့်လုပ်ငန်းများကို အားပေးရန်အတွက် ကမ္ဘာ့နိုင်ငံတိုင်းတွင် အလေးအနက်ထားဆောင်ရွက်လျက်ရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ ကမ္ဘာစားသုံးသူအခွင့်အရေးနေ့ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်း စွမ်းအင်ကူးပြောင်းစို့” ခေါင်းစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့နိုင်ငံများတွင် (၆၁)ကြိမ်မြောက် ကျင်းပဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အနေဖြင့် ၂၀၁၆ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးတွင်လည်းကောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၁၇ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတွင်လည်းကောင်း၊ တတိယ အကြိမ်အနေဖြင့် ၂၀၁၈ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် နေပြည်တော်တွင်လည်းကောင်း၊ စတုတ္ထအကြိမ် အနေဖြင့် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပုသိမ်မြို့တွင်လည်းကောင်း၊၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ တိုင်း/ပြည်နယ်များတွင် မိမိအစီအစဉ်ဖြင့်သာလည်းကောင်းကျင်းပနိုင်ခဲ့ပါသည်၊၊ ကမ္ဘာ့ စားသုံးသူ အခွင့်အရေးနေ့သည် ၁၉၆၂ခုနှစ် မတ်လ ၁၅ရက်နေ့တွင် နိုင်ငံတကာစားသုံးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် စည်းလုံးညီညတ်မှုကိုအကြောင်းပြု၍ အမေရိကန်နိုင်ငံသမ္မတ ဂျွန်အက်ဖ်ကနေဒီက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့် အခြေခံမူအဖြစ် ဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ သတင်းအချက်အလက် ပြည်စုံစွာရရှိနိုင်ခွင့်၊ ပြောင်းလဲတိုးတက်နေသည့် ဝန်ဆောင်မှုများအား ကြားနာသိရှိနိုင်ခွင့်အချက်ကို သိရှိနိုင်ခွင့်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူဘက်မှ နစ်နာသည်ဟုယူဆ၍ တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြား နိုင်သည့် နည်းလမ်းများရှိပါကြောင်း၊၊ Online မှတဆင့် တိုင်ကြားသူပြည်သူများအနေဖြင့် DOCA Website ၊ DOCA Myanmar မိုဘိုင်း app တို့မှာပါတဲ့ Consumer Complaint System တိုင်ကြားလွှာပုံစံမှာ အချက်အလက်ဖြည့်သွင်းပြီး တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center (1535) သို့ လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပါတ်များကိုသိရှိနိုင်ရန် အသိပညာပေး ဟောပြောပြီး လက်ကမ်းကြော်ငြာစာစောင်များဖြန့်ဝေခဲ့ပြီး ဟောပြောပွဲသို့ ပြည်သူလူထု (၁၄၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)