Main menu

ပန်းတောင်းမြို့နယ်ရှိ ကုလားပဲစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ ကွင်းဆင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် ကုလားပဲစိုက်ပျိုးထားသဖြင့် တစ်ဧကကုန်ကျစရိတ်များ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် (၈-၃-၂၀၂၃) ရက်နေ့ နေ့လယ်(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စိုက်ခင်းများဆီသို့ သွားရောက်၍  ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် ကုလားပဲစိုက်ပျိုးသောတောင်သူ ဦးအောင်ကျော်သိန်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ ၎င်းမှာ ကွင်းအမှတ်(၈၅)တွင် ကုလားပဲ (၇)ဧကစိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲကို အောက်တိုဘာလနှင့်  နိုဝင်ဘာလတို့တွင် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေဆီလွှာတွင် အစိုဓာတ်လက်ကျန်ဖြင့် စိုက်ပျိုးရသဖြင့် အစိုဓာတ်ရရှိသောမြေတွင် အောင်မြင်ဖြစ်ထွန်းကြပါကြောင်း၊ စနစ်တကျရေကို တင်သွင်းပေးခြင်းဖြင့်လည်း ကုလားပဲသီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်ပါကြောင်း၊ စပါးအပြီး သီးထပ်အဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။

      ကုလားပဲကိုစိုက်ပျိုးရာတွင် မျိုး(၂)တင်းခန့်ကုန်ကျပြီး မျိုးမှာ ဟော်လန်မျိုးဖြစ်ပါသည်။ ကုန်ကျစရိတ်အနေဖြင့် ကုလားပဲမျိုးတစ်တင်းလျှင် (၇၀၀၀၀) ကျပ်ဖြင့် (၁၄၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စက်ထွန်ယက်ခမှာ (၁)စပ်လျှင် (၅၀၀၀၀) ကျပ်၊ ကုလားပဲစိုက်ပျိုးလျှင် ကြဲပက်၍စိုက်ပျိုးရသဖြင့် အလုပ်သမားတစ်ဦးလျှင် (၆၀၀၀) ကျပ်နှင့် (၂) ရက်ကြဲပက်ရ၍ (၁၂၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ သွင်းအားစုအနေဖြင့် အသီးအပွင့်အားဆေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးအတွက်ကုန်ကျစရိတ်မှာ (၉၀၀၀၀)ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးမှုတစ်ဧကလျှင် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၉၂၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ (၁၂) တင်းခန့်ထွက်ရှိသည်ဟု သိရပါသည်။ ယခုအချိန်တွင် ရိတ်သိမ်းမှုမရှိသေးဘဲ မကြာမီကာလတွင် ရိတ်သိမ်းနိုင်မည်ဟုသိရပါသည်။ ကုလားပဲဈေးအနေဖြင့် ယခုအချိန်တွင် တစ်တင်းလျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၄) သိန်းကျော်ခန့်ရရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ကုလားပဲအထွက်နှုန်းကောင်းလျှင်ကောင်းသလို အမြတ်အစွန်းများရရှိပြီး အထွက်နှုန်းမကောင်းလျှင် အကျိုးအမြတ်နည်းနိုင်သည်ဟု သိရှိရပါသည်။

     ကုလားပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်ဧကစိုက်ပျိုးလျှင် ကျပ် (၄) သိန်းကျော်ရရှိ၍ (၇) ဧကစိုက်ပျိုးလျှင် (၂၈) သိန်းကျပ်ခန့်ရရှိနိုင်သဖြင့် တောင်သူများအနေဖြင့် စပါးပြီးလျှင် ကုလားပဲကို စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။ ကုလားပဲမျိုးကောင်းကိုရွေးချယ်၍ စိုက်ပျိုးပြီး ရေမြေဒေသရာသီဥတုကောင်းလျှင်ကောင်းသလို အထွက်များ၍ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ရေမြေဒေသရာသီဥတုမကောင်းလျှင် အထွက်နှုန်းလျော့နည်းနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)