Main menu

ဆိပ်ဖြူမြို့နယ်ဒေသထွက် ကိုင်းကျွန်းမြေစိုက် ဆောင်းသီးနှံများဈေးကောင်းရ၍ တောင်သူများတွက်ခြေကိုက်လျက်ရှိ

Powered by Drupal

     ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ကုလားပဲဖြူ(လုံးကြီး)၊ စားတော်ပဲ၊ ပဲနီကြား၊ ပဲယင်းနီ၊ ကြက်သွန်နီသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံဈေးနှုန်းများမှာ မြေပဲတောင့် (အခြောက်)တစ်တင်းလျှင် ကျပ်(၂၅၀၀၀)၊ မြေပဲဆံ(အဟောင်း)တစ်တင်းလျှင် ကျပ်(၉၆၀၀၀)၊ မြေပဲဆံ(အသစ်)တစ်တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲနီကြားတစ်တင်းလျှင် ကျပ်(၄၅၀၀၀)၊ ပဲယင်း(နီ)တစ်တင်းလျှင် ကျပ်(၇၂၀၀၀)နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးဖြင့် သီးနှံပေါ်စ ၂၀၂၃ခုနှစ်၊ မတ်လ(ဒုတိယ)ပတ်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ်ထက် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ လယ်ယာထွက်ကုန်သီးနှံများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများဖြစ်သော မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိပြီး ယခုနှစ်၌ သီးနှံမျိုးစုံမှာ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေပြီး အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ဒေသခံတောင်သူပွဲစားတစ်ဦးထံမှ သိရှိရပါသည်။

      ယခုလက်ရှိအချိန်တွင် မြေပဲဆံ(အဟောင်း/အသစ်)များကို မြို့ပေါ်ရှိ မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များက ဝယ်ယူလျက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း၊ ကုလားပဲဖြူ(လုံးကြီး)ဈေးနှုန်းမှာ ယခင်တစ်ပတ်၌ တစ်တင်းလျှင် ကျပ်(၆၂၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခု မတ်လ တတိယပတ်တွင် ကျပ်(၆၈၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့၏ အဓိကထွက်ကုန်ဖြစ်သော နွေကြက်သွန်နီကို ယခုအချိန်တွင် လှိုင်လှိုင်တူးဖော်နေကြပြီး နယ်မြေအခြေအနေအရ တောင်သူများသီးနှံပေါ်ချိန် လှိုင်လှိုင်ရောင်းချလျက်ရှိရာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဝန်းကျင်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၄)သိန်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ (၁၅)သိန်းခန့် ပြည်တွင်းပြည်ပသို့ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်ထွက် သီးနှံမျိုးစုံဈေးကောင်းရရှိနေ၍ ယခုနှစ်တွင် စိုက်တောင်သူနှင့်ကုန်သည်များ တွက်ခြေကိုက်သည့်နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)