Main menu

ပခုက္ကူ၌ အစေ့ထုတ်ပြောင်း (CP) ဈေးကောင်းရလျက်ရှိ

Powered by Drupal

    ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေမြို့တွင် ပြောင်းစိုက်ဧက (၄၀)၊ ရေစကြိုမြို့နယ်တွင် ဧက (၉၀၀၀) ကျော်၊ ပေါက်မြို့နယ်တွင် ဧက (၅၀၀၀) ကျော်ဖြင့် (CP) ပြောင်း အများဆုံးစိုက်ပျိုးထွက်ရှိ သောနေရာများဖြစ်ပါသည်။ အစေ့ထုတ်ပြောင်း (CP) ကို ပြည်တွင်းသုံးစွဲမှုအနေဖြင့် မွေးမြူရေးလုပ်ငန်းအတွက် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြသည့်အပြင် ပြည်ပသို့ပါတင်ပို့နိုင်သဖြင့် ယခုအချိန်တွင် အရောင်းအဝယ်များစွာဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင်လည်း နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်နေ့လျှင် (၃၀) ပိဿာဝင် အိတ်ရေ (၉၀၀) မှ (၁၀၀၀ )ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာမှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်ပေါ်စအချိန်တွင်(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၇၅၀၀) ရှိသော်လည်း ယခု ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယ) ပတ်တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၂၀၂၀၀) ထိဈေးတက်နေပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

     ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသကဲ့သို့ စိုက်ပျိုးသူတောင်သူများကလည်း အကျိုးအမြတ်များရရှိကြောင်း၊ ပြောင်းစိုက်ဧက (၅)ဧကစိုက်ပျိုးလျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ သွင်းအားစုများဈေးမြင့်လာသောကြောင့် (၅)သိန်းဝန်းကျင်ခန့်ကုန်ကျသော်လည်း တစ်ဧကအထွက်နှုန်းမှာ (၆၂) တင်းဝန်းကျင်ထွက်ရှိသောကြောင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ (၆)သိန်းနီးပါးရရှိပြီး ယခုအခါတွင် အစေ့ထုတ်ပြောင်း (CP) သီးနှံကို များစွာတိုးချဲ့စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

     အစေ့ထုတ်ပြောင်း (CP) ကို ပြန်လည်ဖြန့်ဖြူးရာတွင် ဒေသတွင်းအနေဖြင့် မွေးမြူရေးအစာကုန်ကြမ်းထုတ်လုပ်သော ကြိတ်ခွဲစက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်တွင်းဒေသအနှံ့အပြားနှင့် ထိုင်း၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။အစေ့ထုတ်ပြောင်း (CP) သီးနှံအနေဖြင့် ယခုအခါတွင် ဈေးကောင်းရရှိပြီး ဈေးကွက်ခိုင်မာမှုရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့နေရသောကြောင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)