Main menu

အောင်မြင်ဖြစ်ထွန်းနေသည့် ညောင်တုန်းမြို့နယ်၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည်ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခုဖြစ်ပါသည်။ ညောင်တုန်းမြို့နယ်၏ ငရုတ်စိုက်ပျိုးအောင်မြင်မှု သတင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျံ့နှံသွားပြီး ညောင်တုန်းမြို့နယ်နှင့် အနီးအနားမြို့များဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊ မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ဥက္ကဌလည်းဖြစ် ခင်ငရုတ်ရောင်းဝယ်ရေးပိုင်ရှင်လည်းဖြစ်သည့် ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် မတ်လတတိယပတ်တွင် ငရုတ်စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာစိစစ်ခဲ့ပါသည်။ ငရုတ်စိုက်ပျိုးရောင်းဝယ်ရေးခြံတွင်  စိုက်ပျိုးထုတ်လုပ်သောငရုတ်မျိုးများမှာ မိုးထောင်နှင့် အောက်ဆွဲမျိုးများဖြစ်ပြီး ရောင်းချသော မျိုးစေ့ဖြင့် တွက်ချက်ပါက စိုက်ပျိုးမှု ခန့်မှန်းဧက ၃၀၀၀ နှင့် ၃၅၀၀ဧကကြား စိုက်ပျိုးထုတ်လုပ်ကြောင်းသိရှိရပါသည်။

       ငရုတ်မျိုးများကို မျိုးစေ့စတင်စိုက်ပျိုးသည်မှ ခူးဆွတ်ရိတ်သိမ်းနိုင်သည့်အချိန်အထိ တစ်ဧကလျှင် (၂၅)သိန်းခန့် ကုန်ကျနိုင်ပြီး ခူးဆွတ်ချိန် (၄)လအတွင်း တစ်လ (၂)ကြိမ်နှုန်းဖြင့် (၈)ကြိမ်ခူးဆွတ်နိုင်ပါကြောင်း အသင်းဥက္ကဌက ပြောကြားခဲ့ပါသည်။

      ငရုတ်သီးများကို (၁)ကြိမ်ဆွတ်ခူးပြီးတိုင်း အပင်အားဆေး၊ အသီးအားဆေး၊ သွင်းအားစုများကို စနစ်တကျအသုံးပြု ဆောင်ရွက်ရပြီး ခူးဆွတ်ပြီး သွင်းအားစုအသုံးပြုမှု ခန့်မှန်းကုန်ကျစရိတ်မှာ (၂၈)သိန်းခန့် ရှိကြောင်း ထပ်မံရှင်းပြပါသည်။ (၄)လအတွင်း ခူးဆွတ်ပြီး ငရုတ်သီးအစို ပိဿာ (၄၀၀၀)ခန့် ရရှိပြီး အစို ၁ပိဿာလျှင် ၂၀၀၀/-ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပြီး သိန်း(၈၀)ကျပ်ခန့် ရရှိသဖြင့် ၁ ဧက တစ်ရာသီစိုက်ပျိုးထုတ်လုပ်ပြီး သိန်း(၃၀)ခန့် အကျိုးအမြတ်ရရှိကြောင်း ငရုတ်အသင်းဥက္ကဌ ဦးဌေးဝင်း၏ ပြောပြချက်အရ အောင်မြင်မှုရရှိနေသော ငရုတ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဈေးကွက်ရရှိနေသော ငရုတ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုစိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ခိုင်မာရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းမှ ဒေသတွင်း ထွက်ကုန်စည်များကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့တင်ပို့ ရောင်းဝယ်နိုင်သည်အထိ တိုးမြင့်စိုက်ပျိုးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ဆောင်ရွက်မှုများကိုသိရှိရေးတို့အတွက် အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)