Main menu

အိမ်တွင်းလက်မှုအိုးလုပ်ငန်း လုပ်ကိုင်ရောင်းချခြင်းဖြင့်အပိုဝင်ငွေရရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စု မြောင်းဂွကျေးရွာသည် စလင်းချောင်း၏မြောက်ဘက် နွယ်တမယ်၊ သရက်ချဉ်ကားလမ်းမဘေးတွင် အိမ်ခြေ(၁၂၈)အိမ်၊ လူဦးရေ(၅၇၆)ဦးတို့ဖြင့် တည်ရှိပြီး ကျေးရွာနေပြည်သူများမှာ တောင်သူအလုပ်ကိုလုပ်ကိုင်ရင်းဖြင့် လယ်ယာလုပ်ငန်းများနှင့်အတူ ဘိုးဘွားအစဉ်အဆက် မိရိုးဖလာမိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

     မြေအိုးလုပ်ငန်းကိုလုပ်ကိုင်ရန် မိမိတို့၏လယ်ယာမြေများမှ မြေကြီးများကို လှည်းများ၊ ထော်လာဂျီများ၊ သုံးဘီးများဖြင့် မိုးစပါးရိတ်သိမ်းချွေလှေ့ကာ နေအိမ်များတွင် စုဆောင်း၍အိုးအကြမ်းထည် များလုပ်ကိုင်ထားပြီး နေအိမ်များအတွင်း၌ လေမတိုး၊ နေမပူအောင်ထားသိုမှသာလျှင် လေကြောင်း မလိုက်၊ မအက်ကွဲဘဲ ပို၍ခိုင်ခန့်ကြောင်း၊ သောက်ရေအိုးများကို အကြမ်းထည်ပြုလုပ်ပြီးမှသာ ချောင်းသဲများအား လယ်မြေများဖြင့်ဖျော်စပ်၍ ရေအိုးအတွင်းအပြင်သုတ်ပြီး အရိပ်ထဲတွင်အခြောက်ခံ ၍ မိမိကျေးရွာပတ်ဝန်းကျင်နှင့် တောင်ကုန်းများပေါ်တွင် နှစ်ညထားမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်းကိုအသုံးမပြုဘဲ စပါးခွံ၊ သစ်ခွံ၊ ကောက်ရိုးများကိုအသုံးပြု၍ မီးဖုတ်ပြီး နောက်တစ်ရက် ညနေပိုင်းတွင် မြေအိုးအချောထည်များ ရရှိကြောင်း၊ ပြုလုပ်သည့်အိုးများထဲမှ သဲသောက်ရေအိုး၊ မြူအိုး၊ ထန်းရေအိုး၊ အတာအိုးနှင့် ဟင်းချက်အိုးတို့ဖြစ်ပြီး တပို့တွဲ၊ တပေါင်းလများတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များပြီး အရောင်းရဆုံးဖြစ်ကာ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ရှောက်တော၊ ချောက် မြို့အတွင်းရှိပြည်သူများမှ ဝယ်ယူခြင်းနှင့် ဖောက်သည်ရောင်းချကြောင်းသိရသည်။

    မြောင်းဂွကျေးရွာမှ ပြုလုပ်သည့်သောက်ရေအိုး(၁)လုံးလျှင် ဖောက်သည်ဈေးအနေဖြင့် ကျပ် (၂၅၀၀)၊ မြူအိုး (၁)လုံးလျှင် ကျပ်(၃၅၀)၊ ဟင်းချက်အိုး(၁)လုံးလျှင် ကျပ်(၁၀၀၀) အသီးသီးဖြင့် ရောင်းချ ရကြောင်းနှင့် မိသားစုတနိုင်တပိုင်ပြုလုပ်သည့် အိမ်တွင်းလက်မှုအိုးလုပ်ငန်းပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း မြေအိုးလုပ်ကိုင်ရောင်းချသူ ဦးဝင်းရွှေထံမှ သိရှိရပါသည်။

DOCA(မကွေး)