Main menu

“စျေးကောင်းရနေသောပြောင်းဖူး”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် မြေဆီမြေသြဇာကောင်းမွန်သောဒေသဖြစ်၍ စပါး၊ နှမ်း၊ ငရုတ် စသည့်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ လယ်မြေများနှင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးမှုအများဆုံးနှင့် လူကြိုက်အများဆုံးသီးနှံဖြစ်သည့် ပြောင်းဖူးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပြောင်းဖူးစိုက်ဧက(၅၀၀)ဧကစိုက်ပျိုးထားပြီး ယခုအချိန်ထိ(၁၃၃)ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ပြောင်းဖူးစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်မှာ သွင်းအားစုအပါအဝင် (၁)ဧကလျှင်(၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးသည့်မျိုးများမှာ သကြားပြောင်း၊ ထောပတ်ပြောင်း၊ အစေးပြောင်း (ခ) ရှမ်းပြောင်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသောရွာများမှာ မြစ်သားမြို့နယ်၊ သိုတန်ကျေးရွာ၊ ပုဏ္ဏားရွာကျေးရွာ၊ ကျောက်ဆောက်ကုန်းကျေးရွာများတွင် သကြားပြောင်းများကိုအများဆုံးစိုက်ပျိုးကြပါသည်။ သကြားပြောင်းစိုက်ပျိုးပြီး(၃)လကျော်အကြာတွင် ပြောင်းဖူးများကိုစတင်ခူးဆွတ်၍ ရောင်းချကြကြောင်း၊ (၁)ဧကလျှင် ပြောင်းဖူး(၄၀၀၀)ဖူးခန့်ထွက်ရှိကြောင်း၊ သကြားပြောင်းဖူးစျေးနှုန်းများမှာ အရွယ်အစားအလိုက် လက်လီစျေးနှုန်းအနေဖြင့် (၃-၄)ဖူးလျှင် (၁၀၀၀/-)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖောက်သည်စျေးအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် (၁၅၀/-)ကျပ်၊ ပြုတ်ပြီးသေားပြောင်းဖူးတစ်ဖူးလျှင်(၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်ပြောင်းဖူးစိုက်ပျိုးမှုတွင် အကျိုးအမြတ်များပိုမိုရရှိကြောင်း၊ ယခင်နှစ်တွင် ပြောင်းဖူးတစ်ဖူးလျှင် ဖောက်သည်စျေးမှာ (၁၀၀/-)ကျပ်သာရရှိပြီး ယခုနှစ်တွင် (၁၅၀/-)ကျပ်စျေးဖြင့်ရောင်းချရသည့်အတွက်  တစ်ဖူးလျှင် (၅၀/-)ကျပ် ပိုမိုရရှိသဖြင့် အကျိုးအမြတ် ပိုမိုရရှိခြင်းဖြစ်ကြောင်း၊ သကြားပြောင်းစိုက်တောင်သူ တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

     ပြောင်းဖူးကို လူတိုင်းစားသုံးကြသဖြင့် အရောင်းသွက်ပြီး အိမ်ရှင်မများကလည်း ပြောင်းဖူးကိုပြုတ်၍စားသုံးကြသည့်အပြင် ပြုတ်ပြီးသောပြောင်းဖူးများကိုလည်း ဓားဖြင့်ပါးပါးလှီး၍ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်တို့ဖြင့်သုပ်၍လည်း စားသုံးကြပါသည် ။ ပြောင်းဖူးအစိမ်းကို ဂျစ်ဖြင့်ခြစ်၍ ပြောင်းဖူးကြော်အဖြစ်လည်းကောင်း၊ မာလာရှမ်းကောနှင့်ယမ်ယမ်အထုပ်များတွင်လည်း ပြောင်းဖူးကိုထည့်၍စားသုံးကြပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဗီတာမင်စီ၊ B1၊ B5၊ အမျှင်ဓာတ်နှင့်မဂ္ဂနီစီယမ်ဓာတ်တို့ပါဝင်ပြီး သွေးတွင်းမှသကြားဓာတ်ကိုလည်းထိန်းညှိပေးပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် အဟာရဓာတ်ကြွယ်ဝသည့်အပြင် စီးပွားဖြစ်ဝင်ငွေတိုးပြီး ကျွဲ ၊ နွားစာများကိုပါဖူလုံသည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)