မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ (နွေ၊ မိုး၊ ဆောင်း)ဥတုသုံးပါးနှင့်အညီ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ ရာသီးအလိုက်သီးနှံများကို စိုက်ပျိုးသည့်အနက်မှ ယခုအခါ တောင်သူများအနေဖြင့် ငရုတ်သီးနှံများ အားထားစိုက်ပျိုးလာကြသည်ကိုလည်းတွေ့ရှိရပါသည်။ ကျောက်ဆည်ခရိုင်တွင် ငရုတ်များအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ငရုတ်စိုက်ဧက (၅၆၄၀)ဧကလျာထားသော်လည်း အမှန်စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၅၀၂၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၉၆၅)ဧက၊ မြစ်သားမြို့နယ်တွင် (၂၅၁၁)ဧက၊ စုစုပေါင်း (၈၄၉၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (၆၂၀၉)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ (၁)ဧကလျှင် (၅၅၆)ပိဿာထွက်ရှိပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ သွင်းအားစုများအပါအဝင် စုစုပေါင်း (၁၅)သိန်းခန့်ကုန်ကျကြောင်း၊ သာမို၊ ဒီမွန်၊ အက်စတာ၊ ၆၉၂ ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် ရာသီဥတုဒဏ်နှင့် ပိုးမွှားဒဏ်ခံနိုင်ပြီး သီးနှံများလှ၍ အထွက်နှုန်းကောင်းမွန်သော ၆၉၂မျိုးများကိုပိုမိုစိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။ ငရုတ်စျေးနှုန်းအနေဖြင့် ငရုတ်စတင်ထွက်ရှိသည့်အချိန်တွင် အစို(၁)ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်ရှိခဲ့ပြီး ယခုအချိန်တွင် (၄၀၀၀-၄၅၀၀)ကျပ်နှင့် ငရုတ်သီးခြောက်(၁)ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင် (၉၀၀၀-၁၀၀၀၀)ကျပ်၊ အညှာချွေပြီး(၁)ပိဿာလျှင် (၁၁၅၀၀/-)ကျပ်၊ ငရုတ်သီးမှုန့်(၁)ပိဿာလျှင် (၁၅၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)