ရွှေဖရုံသီးကိုစိုက်ပျိုးရာတွင် ပူနွေးသောရာသီဥတုတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းပါသည်။ သက်တမ်းမှာ (၄)လကြာမြင့်ပြီး နုန်းဆန်သောမြေ၊ မြေနီသဲဝန်းမြေများတွင် ဖြစ်ထွန်းအောင်မြင်ပါသည်။
ရွှေဖရုံသီးပင်အား စိုက်ပျိုးလျှင် (၃)ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂၀)ပေခွာ၍ တစ်ကျင်းလျှင် အစေ့(၃-၄)စေ့ချ၍ စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မျိုးစေ့(၃)ကီလိုဂရမ်ပါဝင်ပါသည်။ ရွှေဖရုံပင်ငယ်များ တစ်လသားခန့်ရှိသောအခါ အပင်ခြေရင်းရှိ ပေါင်းများကို လက်ပေါင်းလိုက်ပေးရပါသည်။ ရွှေဖရုံသီးများကို ကောင်းစွာရင့်မှည့်မှ ခူးဆွတ်ရန်လိုအပ်ပါသည်။ ဖရုံသီးကို အညှာပါအောင် ခူးဆွတ်ထားလျှင် ကြာရှည်ထားနိုင်ပါသည်။
ရွှေဖရုံသီးသည် အာဟာရဖြစ်သည့်အသီးဖြစ်သည့်အပြင် ကယ်လိုရီလည်းနည်းပါးပါသည်။ ရွှေဖရုံသီးမှာ ကယ်လိုရီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်တို့ အဓိကပါဝင်ကြပါသည်။ ရွှေဖရုံသီးမှာ တန်ဖိုးရှိသောဗီတာမင်နှင့် အာဟာရဓာတ်များစွာပါဝင်သောကြောင့် လူတို့စားသုံးရန်အတွက် သင့်လျော်ပါသည်။ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်သည့်အပြင် အရေပြားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါသည်။ ရွှေဖရုံသီးများအား ခြံဖြင့်သီးသန့်စိုက်ပျိုးသကဲ့သို့ အိမ်ခြံဝန်းအတွင်းတွင်လည်း စားဖိုဆောင်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးသည် အစေ့လှော်သည် အဆာပြေ၊ အပျင်းပြေဝါးစားရာတွင် စိမ့်သောအရသာဖြင့် အလွန်စားကောင်းပါသည်။
ဖရုံသီးပင်များအား တစ်နိုင်တစ်ပိုင်အဖြစ် ကျေးလက်ဒေသများတွင် စိုက်ပျိုးကြပြီး၊ စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်ရှိ မှော်ဇာ၊ တောင်လုံးညိုကျေးရွာများတွင် အများအပြားစီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရုံသီးများကို ရွာပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးဈေးများမှာ အလုံးချောတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)