ပိတ်စွယ်သည် အင်းအိုင်၊ ကန်၊ ချောင်းနားများတွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သော ယားတတ်သည့်ပိန်းယားပင်မှထွက်ရှိသောအရာဖြစ်ပြီး ပြည်မြို့၊ ဧရာဝတီမြစ်ကမ်းနားရှိ နဝင်းချောင်း၊ နဝင်းတာရိုးနှင့် ဝက်ထီးကန်ရှိ ကန်ကြီးအနားတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ရှိ ကျီးသဲ၊ မြို့မနယ်ဘက်မှ အင်းအိုင်၊ မြစ်ကမ်းချောင်းနားများတွင် အလေ့ကျပေါက်ရောက်ပါသည်။
ပိတ်စွယ်သည် နူးညံ့ပြီး အရသာမှာ မျှစ်နှင့်ခပ်ဆင်ဆင်တူသော်လည်း မျှစ်ထက်ပိုနူးညံ့ကာ မိုးဦးကျချိန် (မေလနှင့် ဇွန်လများ)တွင် လှိုင်လှိုင်ထွက်ပေါ်လေ့ရှိပါသည်။ ယခုကာလ၌ ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်ပြီး ဈေးကောင်းရလျက်ရှိကာ တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀-၆၀၀၀)ခန့်ရှိပြီး လက်လီဈေးသည်များတွင် (၆)ချောင်း(၇)ချောင်းပါဝင်သော အစည်းတစ်စည်းလျှင် ကျပ် (၄၀၀-၅၀၀)ခန့်ရောင်းချကြပါသည်။ ပိတ်စွယ်ကို မုန့်တီဟင်းချို၊ ကြာဆံဟင်းခါးထဲထည့်ပြီး စားကြသည့်အပြင် မန္တလေးဘက်တွင်မူ ခိုတောင်မုန်တီနှင့် ပိတ်စွယ်ဟင်းချိုဆိုကာ တွဲဖက်ညီသောအစားအစာအဖြစ် လူသိများပါသည်။ ပိတ်စွယ်ကို ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့ဖြင့်ဆီသတ်ပြီး ကြော်၍လည်းကောင်း၊ ဆူးပုတ်ရွက်နှင့်ရောပြီးကြော်စား၍သော်လည်းကောင်း၊ အသားနှင့်ရောချက်စားလျှင်လည်း နူးညံ့၍ ထမင်းမြိန်စေပါသည်။
ပိတ်စွယ်ကိုအချဉ်တည်ထားပြီး ပိတ်စွယ်ချဉ်လုပ်ပြီးလည်းရောင်းကြပါသည်။ ပိတ်စွယ်ချဉ်ကို ကြက်သွန်နီ၊ ငပိ၊ ငရုတ်သီးစိမ်းတို့နှင့် ကြော်စားကြသည့်အပြင် ကြက်သား၊ ဝက်သားနဲ့လည်းရောပြီး မျှစ်ချဉ်ချက်သကဲ့သို့ ချက်စားကြပါသည်။ ပိတ်စွယ်ချဉ်ကို တို့စရာအဖြစ်လည်းစားကြပြီး ရန်ကုန်ဘက်တွင် ဂုံမင်းနဲ့ရောပြီးမှားတက်ကြသောပိတ်စွယ်လေးတွေကို တစ်ခါတစ်ရံ ရှင်မွှေးလွန်းဟူ၍ ခေါ်ကြကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်ဘက်တွင် ပိတ်စွယ်ချဉ်ကို ဖန်ပုလင်းနှင့်ထည့်၍ ရောင်းချကြပြီး ရေသန့်ဘူးများ၊ ပါကင်ထုပ်များနှင့်လည်းရောင်းချကြကာ ပါကင်ထုပ် (၁)ထုပ်ကို (၂၅)ကျပ်သားဝင်ဆံ့ကာ (၃၅၀၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ ဖန်ပုလင်း၊ ရေသန့်ဘူး(၁)ပုလင်းလျှင် ကျပ် (၁၅၀၀-၂၀၀၀)ခန့်ဖြင့် ရောင်းချကြပါသည်။
နူးနူးညံ့ညံ့ဖြင့် စားကောင်းသော ပိတ်စွယ်အစိမ်း၊ ပိတ်စွယ်တစ်ရေပြုတ်၊ ပိတ်စွယ်ချဉ်လေးများမှာ ရောင်းအားကောင်းသည့်အတွက် Online တွင် ရောင်းချခြင်းများလည်းရှိပါသည်။ ပိတ်စွယ်အချောင်းလေးများကို လက်ဖြင့်ဖျစ်ကြည့်ပါက တောင့်တောင့်လေးဖြစ်လျှင် ပိတ်စွယ်မှာ လက်ဆတ်မှုရှိပြီး ပိတ်စွယ်မှာအရောင်မဲခြင်း၊ ရေမြုပ်ထနေခြင်း၊ လက်နဲ့ဖျစ်လို့ပြဲထွက်နေလျှင် မလတ်ဆတ်၍ စားသုံးရန်မသင့်ကြောင်း သိရပါသည်။ ပိတ်စွယ်ကိုမစားဖြစ်သေးလျှင် ရေစိမ်ပြီး ထားနိုင်သော်လည်း (၂)ရက်ထက်ကျော်ပြီး ရေစိမ်ထားလျှင်လည်း ရိပျော့သွားတတ်ပါသည်။ (၂)ရက်အတွင်း ရေစိမ်ထားလျှင်လည်း ရေလဲလှယ်ပေးရန် လိုအပ်ပါသည်။ (၁)ပတ်အထိ အထားခံစေရန်အတွက် ပိတ်စွယ်ကို ပလတ်စတစ်အိတ်ဖြင့် လေလုံအောင်ထုတ်ပြီး ရေခဲသေတ္တာအခန်းထဲ၌ ထားခြင်းဖြင့်လည်း (၁)ပတ်အထိအထားခံကြောင်း သိရပါသည်။ Online ရောင်းချခြင်းများတွင် နယ်ဝေးဂိတ်တင်ပို့မှုများအတွက် ပိတ်စွယ်များကို ရေစစ်ကာလေစုပ်အိတ်ဖြင့် သေချာစွာပို့ဆောင်ပေးရသည့်အတွက် လေစုပ်အိတ်နှင့်ထည့်ရသဖြင့် ရေအကုန်စုတ်ထုတ်ရသောကြောင့် အလေးချိန် (ဥပမာ-၂ကျပ်သားခန့်)အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)