မြန်မာအစားအစာများအနက် မုန့်ဟင်းခါးသည် မသိသူမရှိပါ။ နေရာဒေသ အပေါ်မူတည်၍ မုန့်ဟင်းခါးချက်ပုံချက်နည်း အမျိုးမျိုးရှိပါသည်။ ထိုအနက် တမူထူးခြားပြီး လူကြိုက်များသည်ကတော့ တောင်ငူမုန့်ဟင်းခါးပင်ဖြစ်ပါသည်။ တောင်ငူမုန့်ဟင်းခါး ချက်ပြုတ်ရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ငံပြာရည်နဲ့ ငှက်ပျောအူတို့ ဖြစ်ပါသည်။ ပထမဆုံး ငါးကို ငံပြာရည်အနည်းငယ်၊ စပါးလင်တို့နှင့်ပြုတ်ရပါမည်။
ငါးပြုတ်စဉ် ကြက်သွန်ဖြူကို ဆီချက်ချက်ထားရပါမည်။ ကြက်သွန်နီကိုလည်း လေးစိတ်ထိုးထားရပါမည်။ ငါးနူးပြီဆိုလျှင် အသားနွှာထားပြီး တစ်ချိန်တည်းမှာပင် ငါးအရိုးတွေကိုပါ ထောင်းပြီးထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီးထည့်ရပါသည်။ ထို့နောက် အနံ့မွှေးအောင် စပါးလင်ကို ထောင်းထည့်ပြီး ဟင်းရည်ပွက်လာအောင် တည်ရပါသည်။ ဟင်းရည်ပွက်လာလျှင် ငါး၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို ဟင်းရည်အိုးထဲထည့်ပြီး မီးအေးအေးနှင့် ဆူအောင်တည်လိုက်ပါသည်။ တောင်ငူမုန့်ဟင်းခါး၏ ထူးခြားချက်မှာ ငါး၊ ကြက်သွန်နှင့် ဂျင်းများကို ဆီမသတ်ပဲ ချက်ခြင်းဖြစ်ပါသည်။ ပြီးမှ ရခိုင်ငှက်ပျောပင်၏ အပေါ်ကြောတွေကိုသပ်ပြီး နုသည့် အတွင်းပိုင်းကို ပါးပါးလှီးပြီးရေစိမ်ထားပါသည်။
ဟင်းရည်ဆူလာသည့်အခါ လှီးထားသောငှက်ပျောပင် ထည့်လိုက်ပါသည်။ တောင်ငူမုန့်ဟင်းခါးကို ဒေသခံတွေက အရည်၊ အသုပ်နှင့် ဇွန်းပေါက်ဆိုပြီး ပုံစံသုံးမျိုးစားသုံးကြပါသည်။ တောင်ငူ မုန့်ဟင်းခါးဟင်းရည်ကျဲ၏ ထူးခြားချက်မှာ ဆန်လှော်မှုန့်နှင့်စားသုံးကြပါသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုရင်တော့ ဆန်လှော်မှုန့်မပါလျှင် တောင်ငူမုန့်ဟင်းခါး မဖြစ်နိုင်ပါ။ မုန့်ဖက်၊ ဆီချက်၊ ဆန်လှော်မှုန့်၊ ငရုပ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးများနှင့် စားသုံးရပါသည်။ ပဲတောင့်ရှည်သီးကို ကိုယ်တိုင်ချိုးဖဲ့စားသောက်သည်မှာ တောင်ငူမုန့်ဟင်းခါး၏ ထူးခြားမှုတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးတစ်ပွဲလျှင် (၈၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)