Languages

Main menu

ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်(Phytosanitary Certificate-PC)များအား ပြင်ဆင်ခြင်း၊ အတုပြုလုပ်ခြင်းကိစ္စများအတွက် အရေးယူဆောင်ရွက်မည့်ကိစ္စ

Powered by Drupal

ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်(Phytosanitary Certificate-PC)များအား ပြင်ဆင်ခြင်း၊ အတုပြုလုပ်ခြင်းကိစ္စများအတွက် အရေးယူဆောင်ရွက်မည့်ကိစ္စ

          စိုက်ပျိုးရေးဦးစီးဌာနသည် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသော အပင်နှင့်အပင်ထွက်ပစ္စည်းများအတွက် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (Phytosanitary Certificate-PC) များကို တင်သွင်းသည့်နိုင်ငံ၏ လိုအပ်ချက်နှင့်အညီ ပိုးမွှားရောဂါစစ်ဆေးခြင်းများဆောင်ရွက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့် Phytosanitary Certificate တွင် ပါဝင်သော အကြောင်းအရာပါ အချက်အလက်များသည် တင်ပို့လိုသည့် ကုမ္ပဏီများမှ လျှောက်ထားချက်များအား အပြည်ပြည်ဆိုင်ရာ အပင်ရောဂါကာကွယ်ရေးကွန်ဗန်းရှင်း (International Plant Protection Convention-IPPC) မှ ချမှတ်ထားသော International Standards for Phytosnaitary Measures(ISPM) 12 နှင့်အညီ စစ်ဆေး၍ မှန်ကန်တိကျစွာ ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ တို့၏ Website များဖြစ်သော http://www.doa.gov.mm နှင့် http://www.ppdmyanmar.org/ တွင်လည်း အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်းခြင်း/တင်ပို့ခြင်းဆိုင်ရာ Standard Operating Procedure (SOP)များကို ဖော်ပြထားရှိပြီးဖြစ်ရာ တင်ပို့လိုသော ကုမ္ပဏီများအနေဖြင့် SOP အတိုင်း လိုက်နာပြီး Phytosanitary Certificate ထုတ်ယူရန် လျှောက်လွှာကို သင်္ဘောမတင်မီ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

          စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မတ်လအတွင်းတွင် Phytosanitary Certificate စုစုပေါင်း(၁၁၁၅)စောင် ထုတ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ National Plant Protection Organization အဖွဲ့အစည်းမှ မြန်မာနိုင်ငံမှ ထုတ်ပေးထားသော Phytosanitary Certificate နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလာခဲ့မှုအပေါ်တွင် စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ ထုတ်ပေးထားသောမူရင်း Phytosanitary Certificate ကို မတ်ပဲများတင်ပို့မှုလုပ်ငန်းစဉ် အဆင့်တစ်ရပ်ရပ်ကို ပြောင်းလဲပြင်ဆင်ထားခြင်းဖြစ်၍ နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသော တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်းဖြစ်သည့်အပြင် နောက်နောင်တွင် အလားတူကိစ္စမျိုး ထပ်မံဖြစ်ပေါ်လာပါက ကုန်သွယ်မှုတွင် အဆင်မပြေမှု များဖြစ်ပေါ်ခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာမတ်ပဲဈေးကွက်ရှိ ပုံရိပ်ကောင်းကို ကျဆင်းစေနိုင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့သူ/ဝယ်ယူသူ နှစ်ဦးနှစ်ဖက်အတွက် အချိန်နှင့် ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ခြင်း၊ နှစ်ပေါင်းများစွာ ဆက်သွယ်ဆောင်ရွက်ခဲ့သော ကြားခံကိုယ်စားလှယ်အဖွဲ့အစည်းများ၏ သိက္ခာပုံရိပ်ကျဆင်းစေခြင်းများကို ထပ်မံဖြစ်ပေါ် စေမည်ဖြစ်ပါသည်။

           သို့ပါ၍ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့် Phytosanitary Certificate သက်သေခံလက်မှတ်တွင် ဖော်ပြထားသည့် အချက်အလက်များအား ပြင်ဆင်ပြောင်းလဲခြင်း၊ အတုပြုလုပ်ခြင်းများတွေ့ရှိပါက လိုအပ်သလို စစ်ဆေး၍ ပတ်သက်ဆက်စပ်သော ကုမ္ပဏီများအား Phytosanitary Certificate ထုတ်ပေးခြင်းကို ရပ်ဆိုင်းခြင်း၊ နာမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာခြင်း၊ တရားဥပဒေအရ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန