Main menu

ဈေးကောင်းရနေသော တောင်ငူမြို့မှ ရှူးဂါးကင်းနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများ

Powered by Drupal

     တောင်ငူမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှထွက်ရှိသော စားပြောင်းဖူးများကို အခင်းဈေးတစ်ဖူးလျှင် ၂၅၀ကျပ်၊ ၁၀ဖူးလျှင် ၂၄၀၀ကျပ်၊ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ၁ဖူးလျှင် ၃၀၀ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့်စုပ်တင်၍ ရှူးဂါးကင်းစားပြောင်းဖူးများနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများကိုစိုက်ပျိုးကြပါသည်။ ပြောင်းဖူးများသည် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရနေပါသည်။

   ယခင်နှစ်၌ အထိုင်ဈေးမှာ ၂၃၀ကျပ်ဖြင့်ရောင်းရကြောင်း၊ ယခုနှစ်၌ ရှူးဂါးကင်းမျိုးတစ်ထုပ်လျှင် ၃၆၀၀၀ကျပ်၊ ပါပယ်ဝွိုက်မျိုးတစ်ထုပ်လျှင် ၂၆၀၀၀ကျပ်ဖြင့် ဝယ်ယူရပါသည်။ တစ်ဧကစိုက်ပျိုးမှုအတွက် မျိုး ၄ထုပ်ဝယ်ရသဖြင့် တစ်ဧကမျိုးဖိုးအနေဖြင့် ရှူးဂါးကင်းတစ်ထုပ်လျှင် ၁၄၄၀၀၀ကျပ်၊ ပါပယ်ဝွိုက်တစ်ထုပ်လျှင် ၁၀၄၀၀၀ကျပ်ကုန်ကျပါသည်။ မြေဩဇာဈေးနှုန်းမှာ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ၈၆၀၀၀ကျပ်၊ အာမို(၁၅:၁၅)ပတ်လည် တစ်အိတ်လျှင် ၁၂၂၀၀၀ကျပ်၊ အပင်ရွက်ဖျန်းအားဆေးတစ်ထုပ်လျှင် ၃၃၀၀၀ကျပ်ရှိပါသည်။

     မြေပြုပြင်ခြင်းအတွက် ထယ်ထိုးခမှာ တစ်ဧကလျှင် ၄၀၀၀၀ကျပ်၊ ပေါင်းမြက်ကောက်ခြင်းအတွက် လုပ်သား ၂ ဦး၏လုပ်သားခမှာ ၁၂၀၀၀ကျပ်၊ ဘောင်ဆွဲရာတွင် လုပ်သား ၈ဦးအတွက် လုပ်သားခမှာ ၄၈၀၀၀ကျပ်၊ ပြောင်းစိုက်လုပ်သား ၅ယောက်အတွက် လုပ်သားခမှာ ၃၀၀၀၀ကျပ်၊ ဆောင်းပြောင်းစိုက်ပျိုးရာတွင် ရေနှစ်ကြိမ်သွင်းရသောကြောင့် ဒီဇယ်ဆီဖိုးမှာ ၆၀၀၀၀ကျပ်၊ ပြောင်းဖူးချိုး၊ ပင်ခုတ်သယ်ယူခြင်းအတွက် လုပ်သားခမှာ ၆၀၀၀၀ ကျပ်၊ ရှမ်းဝတီးရွာမှ တောင်ငူမြို့သို့ သယ်ယူရာတွင် ပြောင်းဖူးတစ်ဧကလျှင် ၃ခေါက်သယ်ယူရသဖြင့် တစ်ခေါက်လျှင် ၂၀၀၀၀ကျပ်နှုန်းဖြင့် သယ်ယူခမှာ ၆၀၀၀၀ကျပ်ကုန်ကျပါသည်။

    စားပြောင်းဖူးမျိုးတစ်ထုပ်လျှင် မျိုးစေ့ ၄၀၀၀ခန့်ပါဝင်ကြောင်း၊ တစ်ဧကလျှင် ၄ထုပ်စိုက်ပျိုးရ၍ ခုနစ်ဆယ်ရာခိုင်နှုန်းအပင်ပေါက်ကြောင်း၊ ကြွက်ဖျက်ဆီးမှုမရှိလျှင် ပြောင်းဖူး ၁၁၂၀၀ဖူးထွက်ရှိကြောင်း၊ အထိုင်ဈေးတစ်ဖူးလျှင် ၂၄၀ကျပ်ရောင်းရလျှင် ၂၆၈၈၀၀၀ကျပ်ရရှိကြောင်း၊ စိုက်ပျိုးစရိတ်ကုန်ကျငွေစုစုပေါင်း ၅၄၉၀၀၀ကျပ်နုတ်လျှင် ပြောင်းဖူးတစ်ဧကအတွက် အကျိုးအမြတ်မှာ ၂၁၃၉၀၀၀ကျပ်ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)