ယခု ၂၀၂၃ခုနှစ်၊ ပူအိုက်သောနွေဦးရာသီတွင် ရာသီစာ မန်ကျည်းဖျော်ရည်နှင့် ကြံရည်များအရောင်းသွက်လျက်ရှိပါသည်။ မန်ကျည်းဖျော်ရည်ပြုလုပ်ရာတွင် အဓိကအားဖြင့် မန်ကျည်းမှည့်အနှစ်၊ ထန်းလျက်ရည်၊ ရေခဲနှင့် အမဲရောင်ကျောက်ကျောလေးများပါဝင်ပါသည်။ အဆိုပါ ပါဝင်ပစ္စည်းများကိုရောနှော၍ ရေခဲနှင့် သမအောင်မွှေပြီးလျှင် အရသာချိုချဉ်အေးမြသော မန်ကျည်းဖျော်ရည်တစ်ခွက်ရရှိပြီဖြစ်ပါသည်။
ကြံရည်အတွက်မူ ကြံရိုးနှင့် ရေခဲသာပါဝင်ပါသည်။ ကြံရည်ကို ကြိတ်စက်တွင်ကြိတ်ပြီး ရေခဲနှင့်သမအောင်မွှေပြီးလျှင် ချိုမြိန်သောကြံရည်အေးအေးလေးတစ်ခွက်ရရှိပြီဖြစ်ပါသည်။ ကြံရည်ထဲတွင် သံပရာသီးစိတ်ကလေးများကိုထည့်ပါက ပို၍လိုက်ဖက်ပြီး အနံ့မှာ အမူးအမော်ပြေစေပါသည်။
နွေရာသီသည် ပူပြင်း၍ လူများရေဓာတ်ကုန်ခမ်းသောကြောင့် အားအင်ချည်နဲ့မှုများခံစားရသောအခါ ယင်းမန်ကျည်းဖျော်ရည်နှင့် ကြံရည်အေးအေးလေးများကိုသုံးဆောင်လိုက်ရလျှင် လန်းဆန်းမှုများခံစားရခြင်းတို့ကြောင့် ယခု နွေဦးရာသီတွင် မန်ကျည်းဖျော်ရည်နှင့် ကြံရည်များအရောင်းသွက်ရခြင်းဖြစ်ပါသည်။
မန်ကျည်းဖျော်ရည်ကို လက်တွန်းလှည်းများဖြင့် မြို့အနှံ့လှည့်လည်ရောင်းချကြသည့်အပြင် ဆိုင်ခန်းငယ်များဖြင့်လည်းရောင်းချကြပါသည်။ မန်ကျည်းဖျော်ရည်တစ်ခွက်လျှင် ၅၀၀ကျပ်နှင့် ကြံရည်တစ်ခွက်လျှင် ၇၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ယခု နွေရာသီတွင် တစ်ရက်လျှင် မန်ကျည်းဖျော်ရည်နှင့် ကြံရည်များကို (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျပ်ခန့်ထိရောင်းချရကြောင်း လေ့လာသိရှိခဲ့ရခြင်းအား တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)