မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ အောက်လှိုင်းကျေးရွာနှင့် ငါးလင်ဗန်းကျေးရွာရှိ တောင်သူများသည် မြေအောက်ရေများအသုံးပြု၍ မေမြို့ပန်းများစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရပါသည်။
မေမြို့ပန်းစိုက်ပျိုးရာတွင် ယခင်နှစ်ကချန်ထားသောမျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ တန်ဆောင်မုန်းလတွင်စိုက်ပျိုးကြပြီး အပင်သက်တမ်း(၃)လခန့်ရှိလျှင် ဈေးကွက်တွင် ရောင်းချနိုင်ကြောင်း၊ ဆောင်းရာသီတွင်စိုက်ပျိုးလျှင် အပင်များပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်ကို ဘောင်ဖော်၍စိုက်ပျိုးရပြီး ရေဝပ်ခြင်းကိုမကြိုက်ကြောင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းထိုးခြင်း၊ ခေါင်နှိမ်ခြင်းများလည်းပြုလုပ်ပေးရကြောင်း၊ အပင်အား မြေဩဇာကျွေး၍ တစ်ပတ်လျှင် တစ်ကြိမ်ခန့်ပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ သို့မှသာ အပင်ပိုးမကျဘဲ ရောင်းပန်းလှကြောင်း၊ အပင်ရေ(၂၀၀၀)ပင်ခန့်တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ မေမြို့ပန်းအမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း သိရပါသည်။ မေမြို့ပန်းလက်ဆုပ်တစ်စည်းလျှင် (၁၀၀၀)ကျပ်ခန့်ထိဈေးကောင်းရရှိပြီး ဝယ်လိုအားပေါ်မူတည်၍ တစ်ခါခူးဆွတ်လျှင် အစည်းရေ (၅၀)မှ(၁၀၀)ခန့်ထိခူးဆွတ်ရောင်းချကြကြောင်း၊ စလင်းမြို့နယ်ထွက် မေမြို့ပန်းများကို ပွင့်ဖြူ၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြရာ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)