အုန်းသီးပင်များသည် နှစ်ရှည်သီးပင်များဖြစ်ကြပြီး ဒေသမရွေးစိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုးဖြစ်ပါရာ ကန့်ဘလူမြို့နယ်ဒေသတစ်ဝိုက်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါ ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အုန်းစိမ်းဖျော်ရည်များ အရောင်းသွက်လျက်ရှိပါသည်။ အုန်းသီးများသည် စားသုံးရာတွင် အရသာရှိသည့်အပြင် ကျန်းမာရေးဆိုင်ရာအတွက်လည်း အလွန်အသုံးဝင်လျက်ရှိပါသည်။ လူတို့၏သွေးကြောထဲကို ဂလူးကိုစ့်ကို တိုက်ရိုက်ထည့်နိုင်သော အပင်ထွက်ပစ္စည်းတစ်မျိုးဖြစ်ကာ လတ်ဆတ်သည့် အုန်းစိမ်းရည်တစ်မျိုးလည်းဖြစ်ပါသည်။ အုန်းစိမ်းရည်၏ ထူးခြားချက်မှာ အပင်နှင့် လူတို့အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်များ၊ အမိုင်နိုအက်ဆစ်များ၊ သတ္တုဓာတ်ဆားများအားလုံး ပါဝင်နေခြင်း ဖြစ်ပါသည်။
ယခုအခါတွင် အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အုန်းသီးအစိမ်းနှင့်အုန်းသီးအခြောက်ဟူ၍ (၂)မျိုး ရောင်းချလျက်ရှိရာ အုန်းသီးအစိမ်းများမှာ ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး အုန်းသီးစိမ်းတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၀၀၀) ကျပ်အထိရှိပြီး အုန်းသီးအခြောက်များမှာ ရန်ကုန်ဘက်က ဝင်ရောက်မှုရှိပြီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ အုန်းသီးစိမ်းအလုံးများကို ဖျော်ရည်ဆိုင်များမှလည်းကောင်း၊ သာသနာပွဲထိုးသူများမှလည်းကောင်း ဝယ်ယူကြကြောင်းနှင့် အုန်းသီးအခြောက်များကို ဒေသတွင်း ရိုးရာမြန်မာမုန့်လုပ်သူများ၊ ရွှေရင်အေးဆိုင်များနှင့် အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)