ပြည်ထောင်စုနယ်မြေအတွင်း ခရိုင်(၄)ခု၊ မြို့နယ်(၈)မြို့နယ်ရှိရာ မြို့နယ်အားလုံးမှ မန်ကျည်းထွက်ရှိပါသည်။ မန်ကျည်းထွက်ရှိမှုအနေဖြင့် နှစ်စဉ်ပိဿာချိန် သိန်း(၈၀)အထက်တွင် ရှိနေပြီး ရောင်းဝယ်မှုအနေအထား အကောင်းဆုံးအခြေအနေကို တပ်ကုန်း မြို့နယ်တွင် တွေ့ရှိရပါသည်။
မန်ကျည်းသီးရောင်းဝယ်မှုပုံစံများတွင် အသီးနု တင်ချိန်မှစ၍ အသီးရင့်မှည့်၍ အသီးချွေရန် အချိန်နီးလာသည့်ကာလအထိ အပင်သီးအား အခြေအနေကိုကြည့်၍ ဈေးဖြတ်ကာ ဝယ်ယူမှုများ ရှိနေပါသည်။ ဝယ်ယူမှုများ စတင်ချိန်သည် ဇူလိုင်လမှစတင်၍ ဝယ်ယူမှုများရှိသော်လည်း အများဆုံးဝယ်ယူသည့်အချိန်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ ဖြစ်ပါသည်။
မန်ကျည်းဈေးကွက်တွင် မန်ကျည်းရွက်နု၊ အသီးနုနှင့် အသီးအမှည့်အနေအထားများဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်ကို တွေ့ရပြီး မန်ကျည်းရွက်နုသည် မန္တလေးဈေးကွက်သို့ တင်ပို့မှုရှိပြီး မန်ကျည်းသီးအနုနှင့် ရင့်မှည့်ပြီး မန်ကျည်းသီးတို့သည် ရန်ကုန်ဈေးကွက်သို့ တင်ပို့ မှုရှိပါသည်။ မန်ကျည်းမှည့်သည် ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပသို့ တင်ပို့မှုများရှိနေသဖြင့် ပြည်ပ ဝင်ငွေရှာဖွေနိုင်သော အနေအထားတွင်ရှိနေပါသည်။
မန်ကျည်းအရွက်၊ အသီးရောင်းဝယ်မှုများတွင် ပိဿာချိန်အရေအတွက်နှင့်သာ ရောင်းဝယ်မှု ပုံစံရှိနေပြီး မန်ကျည်းသီးတွင် ထုပ်ပိုးမှုပုံစံနှင့် ကုန်ပစ္စည်းအနေအထားတွင် ပုံစံပြောင်းလဲမှု အနေအထားများသာရှိလာပါသည်။ ယခင်(၁၀)နှစ်ကျော်ကာလများ မန်ကျည်းသီးမှည့် တင်ပို့မှုတွင် အစေ့မပါ အနေအထားဖြင့် နှီးခြင်းတောင်းများဖြင့် တင်ပို့မှုရှိသော်လည်း ယခုအခါ အစေ့ပါအနေအထားဖြင့် ပီနံအိတ်တွင် ရေစိုခံအိတ်ဖြင့် ထည့်သွင်းပြီး သင်္ဘောတင်အဆင့် တင်ပို့မှုအခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရပါသည်။
မန်ကျည်းရောင်းဝယ်မှုများကို ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ပြီး ဧပြီလကုန်တွင် နည်းပါး သွားလေ့ရှိသည်ကို တွေ့ရပါသည်။ မန်ကျည်းမှည့်အစေ့ပါ အကြောဆွဲ တစ်ပိဿာ ယခင်နှစ် ပေါက်ဈေးနှုန်း (၁၃၀၀)ကျပ် ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်ဈေးနှုန်း ဖြစ်ပေါ်မှုများတွင် (၁၀၀၀) ကျပ်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း မတ်လ ဒုတိယပတ်တွင် (၉၀၀)ကျပ် ဈေးနှုန်းသို့ လျော့ကျခဲ့မှု ရှိခဲ့ပါသည်။ တင်ပို့မှုအခြေအနေတွင် တိုက်ရိုက် သင်္ဘောတင်အဆင့်ဖြင့် (၃၀.၅)ပိဿာ ဝင်ဆန့်မှု အနေအထားဖြင့် ရေစိုခံအိတ်ပါပီနံအိတ်တွင် ထည့်သွင်းပြီး တင်ပို့မှုအနေအထား၊ ဘလောက်တုံးပုံစံသွင်း၍ ပလတ်စတစ်ထုတ်ပိုးမှုဖြင့် အိတ်သွပ်၍ တင်ပို့မှုများ ရှိနေပါသည်။
မန်ကျည်းတင်ပို့ရန်အတွက် အိတ်သွပ်၊ ချိန်ချုပ်၊ ကားတင်ခ (၃၅၀)ကျပ်ခန့် ကုန်ကျမှုရှိပြီး ဘလောက်တုံးပုံစံသွင်း၍ ပလတ်စတစ်ပုံ အိတ်သွပ်လျှင် (၅၀၀)ကျပ်ခန့် ကုန်ကျနေပြီး နေပြည် တော်မှ ရန်ကုန်ကားခ တစ်အိတ်(၂၃၀၀)ကျပ်ရှိနေသည်ဟု သိရှိရပါသည်။ ပီနံအိတ်နှင့် ရေစိုခံအိတ် သည် (၄၀၀)ကျပ်ခန့် ကုန်ကျမှု ရှိနေသည်ကို သိရပါသည်။
တပ်ကုန်းမြို့နယ်မှ ဦးတင်လွန်း(ရွှေနန်းတော်ပွဲရုံ၊ ၀၉-၄၃၀၄၄၇၈၄)၊ ဦးမင်းသိန်း(၀၉-၇၇၄၁၀၄၄၁၄) ကုန်သည်နှစ်ဦးနှင့် တွေ့ဆုံမှုအရ နှစ်စဉ်ကုန်ချိန် (၁၅)သိန်းခန့် ဝယ်ယူတင်ပို့မှုများ ရှိခဲ့သည်ဟု သိရှိရပြီး တိုက်ရိုက်သင်္ဘောတင်အဆင့်အထိ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့် တင်ပို့ရန်အတွက် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)