Main menu

ချစ်သောသနပ်ခါး ကမ္ဘာတလွှား ကျော်ကြားသင်းပျံ့မွှေးပါစေ

Powered by Drupal

  မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုပင်ဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာတစ်ပါးလည်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ (၃)သိန်းမှ (၄)သိန်းအကြားရှိသောကြောင့် အပူပိုင်းဒေသ၏ စိမ်းလန်းစိုပြေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။

    မြန်မာ့သနပ်ခါးအသင်းကြီးကို (၁၁.၁၀.၂၀၁၇)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါသည်။ မြန်မာ့သနပ်ခါးကို တန်ဖိုးထားသည့်အနေဖြင့် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းကြီးက ကြီးမှူးကာ သတ်မှတ်ပေးခဲ့ကြသည်။

    သနပ်ခါးပင်များကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစသည်တို့တွင် စိုက်ပျိုးပေါက်ရောက်ပြီး အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် (၅)မြို့နယ်တွင် အများဆုံးတွေ့ရတတ်ကာ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ စသည့်အပူပိုင်းဒေသများတွင်လည်း သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။

     နံ့သာ(၁၀)ပါးထဲတွင်တစ်ပါးအပါအဝင်ဖြစ်သော သနပ်ခါးသည် ရှောက်မျိုးရင်းဖြစ်သည်။ မြန်မာပြည်အထက်ပိုင်းရှိ ရွက်ပြတ်တောခြောက်များတွင်လည်း သနပ်ခါးပင်များတွေ့ရတတ်သည်။

     သနပ်ခါးပင်သည် ပင်လတ်မျိုးဖြစ်ပါသည်။ အမြင့် ၂၀ပေမှ ၃၀ပေအထိ မြင့်တက်ပါသည်။ ပင်စည်၏ အကိုင်းအခတ်သည် လက်မဝက်မှ တစ်လက်မအထိရှည်သော ချွန်ထက်မာကျောသည့် ဆူးများ ရှိကြသည်။ သနပ်ခါးမှာ အဖိုပင်၊ အမပင်ဟူ၍ နှစ်မျိုးရှိပြီး အဖိုပင်က အသီးအပွင့်မဖြစ်ထွန်းဘဲ အမပင်က အသီးအပွင့်ဖြစ်ထွန်းသည်။ အမပင်သည် အပွေးစောင်းများကြွတက်၍ မာကျောပြီး အဆင်းရနံ့မှာလည်း အဖိုပင်ထက် ပိုမိုကောင်းသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ အလျား ၃-၅လက်မထိရှည်ပြီး ရွက်ညှာမှာ အတောင်ပါသည်။ ရွက်မြွှာ ၂-၃စုံထိရှိပြီး ထိပ်ရွက်တစ်ရွက်ပါရှိသည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျော၍ အစိမ်းရင့်ရောင်ရှိသည်။ အပင်နုစဉ်က အပွေးမဲ့ပြီးအပင်ရင့်လာချိန်တွင် အပွေးထူလာပါသည်။ သနပ်ခါးပန်းပွင့်မှာ သေးငယ်ပြီးအဝါနုရောင်ရှိပါသည်။ တန်ခူး၊ ကဆုန်လများတွင် အဆုပ်လိုက်ပွင့်တတ်ပါသည်။ သနပ်ခါးအသီးမှာ ချဉ်သောအရသာရှိပြီး အပြွတ်လိုက်သီးပါသည်။ အစေ့သည် အဝါနုရောင် ပျော့ပျော့ဖြစ်ပြီး အရွယ်အစားမှာ ငရုတ်ကောင်းစေ့ခန့်ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလတွင် အသီးမှည့်တတ်ပါသည်။ ရေသောက်မြစ်မှာရှည်လျားပါသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်လို့ထွက်တတ်ပါသည်။ အပွေးအခေါက်များရှိပြီး ပင်စည်ထက်အရောင် ပိုဝါသည်။

     သနပ်ခါးပင်သည် မြေနီဆန်သော ဂဝံဆန်မြေ၊ ကျောက်စရစ် ရောနှောမြေ၊ ဖွတ်ချေးမြေ၊ သဲနုံးမြေများတွင် အပင်ဖြစ်ထွန်းမှုမြန်ဆန်သည်။ သနပ်ခါးပင်သည် မြေကောင်းမလို၊ ရေကိုမတဘဲ မြေနီကျောက်သား မြေပတ်ကြားမှာပင် ရှင်သန်နိုင်စွမ်းရှိသော အပင်မျိုးဖြစ်သည်။ ကျောက်စရစ် ကုန်းမြေတွင် နွေရာသီ၏အပူဒဏ် မည်သို့ပင်ထန်စေကာမူ ကြံ့ကြံ့ခံရှင်သန်နိုင်စွမ်းရှိသည်မှာ ချစ်စရာကောင်းလှပါသည်။ အပင်ပျိုးသက် သုံးလခွဲအရွယ်တွင် ပျိုးပင်အရွယ် ၁၀ လက်မခန့် ရှိလာပါက စိုက်ခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးရန် အသင့်တော်ဆုံးအရွယ်ဖြစ်ပြီး စိုက်ပျိုးပြီး သနပ်ခါးပင်များကို တစ်နှစ်လျှင် နှစ်ကြိမ်ပေါင်းသင်၊ မြေဆွေး၊ သဘာဝမြေဩဇာ ကျွေးမွေးခြင်း၊ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပေးပါက အပင်အသက် ၇-၈နှစ်ခန့်တွင် ရောင်းတန်းဝင်ဖြစ် လာသည်။ မပြုမပြင်ဘဲထားပါက အပင်အသက် ၁၀နှစ်ကျော်မှ ရောင်းတန်းဝင်သည်။ သနပ်ခါးပင် များ အပွေးတက်၍ ပထမအကြိမ် ခုတ်ရောင်းပြီးသားအပင်မှ ၂ပင်မှ ၄ပင်အထိ ပွားများလာပြီး ၎င်း အပင်(၆)နှစ်ကြာမှ ဒုတိယအကြိမ် ခုတ်ရောင်းနိုင်သည်။ သနပ်ခါးပင်၏တန်ဖိုးသည် သူ၏ အပွေး အခေါက်ဖြစ်သည်။ ရေစကြိုမြို့က ရှင်မတောင်သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝ ထူးခြားချက်များကြောင့် အခြားနယ်ထွက်သနပ်ခါးများထက် ပြောစမှတ်ပြုရလောက်အောင် အပွေး ညို၍ အမွှေးပိုလေ့ရှိသည်။

    ၂၀၁၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင် ပါရှိသော ဓါတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဒာကိုယ် အကျိုးပြု ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသည့် ဓါတ်ပစ္စည်းများ၊ ဘတ်တီးရီးယားတွေကိုသေစေသော ဓါတ်များနှင့် အရေပြား အရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓါတ်ပစ္စည်း များလည်း သဘာဝအလျောက် ပါရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ မြန်မာအမျိုးသမီးများ၏ ကျက်သရေရှိသော အလှတရားများကို ပံ့ပိုးပေးနေသည့်အရာမှာ မြန်မာ့သနပ်ခါးပင်ဖြစ်ပါသည်။ ကမ္ဘာတွင် “အိန္ဒိယမျက်လုံး၊ ထိုင်းအပြုံးနဲ့ မြန်မာအသားအရေ”ဟူ၍ တင်စားခံရသော အဆို စကားမျိုးလည်းရှိဖူးပါသည်။

      မြန်မာ့ရိုးရာသနပ်ခါးသည် ဓါတ်မတည့်သူ မရှိသလောက် ရှားပါးပါသည်။ မြန်မာနိုင်ငံ သနပ်ခါးအသင်းကြီးက မြန်မာ့သနပ်ခါးကို ပြည်ပဈေးကွက်သို့ထိုးဖောက်ကာ နိုင်ငံခြားငွေရရှိ  လာနိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု SOP ထောက်ခံချက်များရရှိရန်အတွက် ဆွစ်ဇာလန်နိုင်ငံ Helvetas မြန်မာ NGO အဖွဲ့တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ တွင် ပြုလုပ်ခဲ့သော သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ၎င်းပြပွဲ၌ မြန်မာ့သနပ်ခါးကို ပထမဆုံးအကြိမ် ပြသခဲ့ကြောင်း၊ ပြပွဲတွင် မြန်မာ့ သနပ်ခါးအမှုန့်(နမူနာ)များကို ထိုင်းနိုင်ငံ SPA လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံ ၏ SPA ဝန်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာလှည့်ခရီးသည်များကို သဘာဝသနပ်ခါးအမှုန့်ဖြင့် အသားအရေထိန်းသိမ်းခြင်း (Beauty SPA)များ ပြုလုပ်ပေးကြကြောင်း သိရှိရပါသည်။ ထိုင်း အလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အားယူနေပြီလည်း ဖြစ်ပါသည်။

       ယနေ့အလှကုန်ပစ္စည်းများသည် Mercury, Hydroquinon, Betame, Thason, Valerate စသည့် တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားမှုမှာများပြားပါသည်။ နည်းပညာသာ နောက်မကျပါက ယနေ့ကမ္ဘာ့နောက်ဆုံးပေါ် အလှကုန်ပစ္စည်းအားလုံးကို မြန်မာ့သနပ်ခါးဖြင့် ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံတွင်ပေါက်ရောက်သည့် ဆေးဖက်ဝင်သနပ်ခါးကို ပိုမိုတိုးချဲ့စိုက်ပျိုးပြီး ခေတ်မီအလှကုန်ပစ္စည်းများ၊ ဆေးဝါးများအဖြစ်သို့ ဖန်တီး၍ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ မြန်မာသနပ်ခါးသည် အရွက်၊အသီး၊ ပင်စည်၊ အမြစ်(ပဥ္စငါးပါး) အားလုံးအသုံးပြုနိုင်သည်။ အပူနာ၊ အအေးနာ နှစ်မျိုးလုံး အတွက်သင့်လျော်သော အပင်ဖြစ်သည်။ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အတွက် value added တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ဈေးကွက်ထိုးဖောက်သင့်ပါသည်။

     ခေတ်တွေဘယ်လောက်ပြောင်းပြောင်း သနပ်ခါးကို Myanmar Traditional Make – Up အဖြစ် ကမ္ဘာက လက်ခံထားကြသည်။ “ကမ္ဘာမှာမြန်မာ မြန်မာမှာအညာ အညာမြေမှာ သူမွေးဖွားခဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ရဲ့ ပျိုမေတို့ ပါးပြင်ထက်က မြန်မာ့ရိုးရာ သနပ်ခါး” ဟူသော ဆရာဆဏ်းဝင်းအောင်ရေးသားသော ကဗျာကဲ့သို့ပင် သနပ်ခါးနှင့်မြန်မာ၊ မြန်မာနှင့်သနပ်ခါးသည် ခွဲခြား၍ ရမည်မထင်ပါ။ ထွက်ရှိရာဒေသကို အခြေမခံဘဲ သနပ်ခါးဟုဆိုလိုက်လျှင်ပင် မြန်မာဆိုတာ ထင်ရှားသကဲ့သို့ နိုင်ငံတကာကပင် သနပ်ခါးကို အလှကုန်ပစ္စည်းတစ်ခုအဖြစ် ယခုမျက်မှောက်ခေတ် တွင် အသိအမှတ်ပြုလာရပေသည်။ သနပ်ခါးကို အမွှေးတိုင်အဖြစ်လည်းကောင်း၊ သနပ်ခါးကို ကြိတ်၍ ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ခဲ့ရာ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း တွေ့ရပြီး ဂျာမနီ၊ ပြင်သစ် စသည့်နိုင်ငံများကိုပါ တင်ပို့နေပြီး သနပ်ခါးမှ အဆီထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသော်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိသေး သည့်အတွက် လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်ကာလကတည်းက ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာအဖြစ် ကိုယ်စားပြုဖြစ်သော မြန်မာ့သနပ်ခါးကို UNESCO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့သည့် စံနှုန်း(၅)ချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမည်စာရင်းတင်သွင်းနိုင်ရန်လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကျွန်ုပ်တို့သည့်် မြန်မာ့သနပ်ခါး ကို  ကမ္ဘာသို့စင်တင်လျှင် သုံးမည့်သူ၏  ယုံကြည်ကိုးစားမှု အပြည့်ရရှိစေရန်  လုပ်ဆောင်ပေးရမည်။

    သနပ်ခါးစစ်မှန်ရေး၊ သန့်ရှင်းရေး၊ ဓါတ်မြေဩဇာ သုံးစွဲမှုနည်းပါးရေးနှင့် နှစ်ကာလသက်တမ်းပြည့်ရန် လိုအပ်သည်မှာလည်း မလွဲပင်ဖြစ်သည်။ သနပ်ခါးကို မသုံးစွဲဖူးသူများအတွက် အန္တရာယ်ကင်းရှင်းကြောင်းနှင့် မည်သည့်ဓါတ်ပစ္စည်းပါဝင်ကြောင်း ဦးစွာမိတ်ဆက်ပေးရပါမည်။

     မြန်မာ့သနပ်ခါးဈေးကွက် ဦးမော့လာစေရန်အတွက် သနပ်ခါးစိုက်ပျိုးသော သနပ်ခါး တောင်သူများအနေဖြင့်လည်း သနပ်ခါးကို သဘာဝနည်းဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ သနပ်ခါးဈေးကွက် ရေရှည်တည်တံ့ကောင်းမွန်စေရန် စဉ်းစားသင့်ပါသည်။ သဘာဝနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော သနပ်ခါးပင်များကို ခေတ်မီတိုးတက်သော နည်းပညာများ လေ့လာဆည်းပူး၍ နိုင်ငံတကာအဆင့်မီ အလှကုန်ပစ္စည်းများထုတ်လုပ်နိုင်အောင် ကြိုးစားရန် လိုအပ်မည်ဖြစ်ပါသည်။ ကုန်ကြမ်းပစ္စည်း၏ အရည်အသွေးမှာ အဆင့်မြင့်သဖြင့် ခေတ်မီနည်းပညာနှင့် ပေါင်းစပ်ပါက မြန်မာ့သနပ်ခါးသည် မြန်မာပြည်တွင်သာမက ကမ္ဘာကိုပင် လွှမ်းခြုံလာနိုင်လိမ့်မည် ဖြစ်ပါသည်။

     မြန်မာပြည်သည် သနပ်ခါးပင် ပေါက်ရင်းတိုင်းပြည်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သကဲ့သို့ မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးပိုင်ဆိုင်သော သယံဇာတစစ်စစ်ဖြစ်သည်။ မြန်မာ့ရတနာတစ်ပါးဖြစ်သော မြန်မာ့သနပ်ခါး စည်ပင်ဖွံ့ဖြိုးပြီး ကမ္ဘာအလည် ဝင့်ထည်လာစေရန် ပညာရှင်များ၊ စိတ်ဝင်စားသူများ စုပေါင်းညှိနှိုင်း၍ တက်ကြွစွာထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပေသည်။

     အသေးစားကုန်ထုတ်လုပ်ငန်းများကို အားထားနေရသော မြန်မာနိုင်ငံသည် သနပ်ခါးအခြေခံသော အလှကုန်ကုန်ချောများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မြန်မာမိန်းကလေးများကဲ့သို့ပင် ကမ္ဘာ အရပ်ရပ်မှ အမျိုးသမီးများ၏ အသားအရေလှပလာစေနိုင်ကြောင်း ကောင်းသတင်း ကြော်ငြာနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ မြန်မာ့သနပ်ခါးကမ္ဘာ့အနှံ့အပြား ကျော်ကြားမွှေးပျံ့စေလိုသည်။ မြန်မာ့သနပ်ခါး၏ ဂုဏ်၊ ကျက်သရေ၊ သဘာဝအလှတရားတို့ကို မြန်မာလူမျိုးတိုင်းက အထူး တန်ဖိုးထားခြင်းဖြင့် ပြည်ပစီးပွားရေးဈေးကွက်တွင် ရနံ့သင်းသော မြန်မာ့သနပ်ခါး၏ပုံရိပ် ထာဝရ ပေါ်လွင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)