Main menu

ပြည်မြို့နယ်ဒေထွက် ဆူးပုတ်ရွက်

Powered by Drupal

   ဆူးပုတ်ရွက်ဆိုတာ ဆူးပုတ်ပင်၏အရွက်ဖြစ်ပါသည်။ အရွက်ဆိုရာမှာလည်း အရွက်အနု၊ အညွှန့်ကိုပဲ စားကြတာများပါသည်။ ရိုးတံထဲမှာအဆူးလေးတွေပါတတ်ပြီး အရွက်လေးတွေက သေးငယ်ကာ ရွက်ဆိုင်လေးတွေ ပေါက်တာဖြစ်ပါသည်။ ရိုးတံလေးများမှာဖြာထွက်ပြီး အရောင်မှာ‌တော့ အစိမ်းရောင်လေးဖြစ်ပါသည်။ အရွက်၏ အနံမှာတော့ နည်းနည်းပြင်း တဲ့အနံ့ဖြစ်ပါသည်။ အရွက်မှာနူးညံ့ပြီး ကြွပ်ကြွပ်လေးဖြစ်ကာ အရသာမှာတော့ နည်းနည်းခါးသက်ပါသည်။ ဆူးပုတ် ရွက်တွင် အာဟာရဓါတ်တွေများစွာရှိပြီး ပါဝင်သည့် အဟာရတွေမှာ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ ဖောစ‌ဖရိတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ အမျှင်ဓါတ်နှင့် သံဓါတ်တို့ပါဝင်ပါသည်။

    ဆူးပုတ်ရွက်အား ပဲကြီးဟင်းချိုထဲတွင် ထည့်ချက်လေ့ရှိပြီး၊ ဘဲဥနှင့် ဆူးပုတ်ရွက် ခေါက်ကြော် စားသောက်ကြပါသည်။ ဆူးပုတ်ရွက်သည် ထမင်းစားဝိုင်းတွင် အရံဟင်းလျာ အဖြစ်သာစားသောက်ရုံသာမက ကိုယ်ခန္ဓာအတွက်လည်း ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါသည်။ ဆူးပုတ်ပင်တွင် ကယ်ဆီယမ်ဓါတ် ပါဝင်သောကြောင့် သွားနဲ့ခံတွင်း ကျန်းမာစေ ပါသည်။ သွားဖုံးသွေးယိုတာနဲ့ ခံတွင်းမှာရှိသော ပိုးများကို သေစေနိုင်ပါသည်။ ဆူးပုတ်ရွက် အရင်းကိုင်းများအားကြိတ်ပြီးသောက်လျှင် ပန်းနာရင်ကြပ်ကို ပျောက်ကင်းစေပါသည်။ ဗီတာမင်စီ ပါဝင်သောကြောင့် ဖျားနာတာတွေ အအေးမိတာတွေအတွက် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါသည်။ ဆူးပုတ်ရွက် အနုလေးများအား တို့ပေးပါက ကိုယ်လက်ကိုက်ခဲ့ခြင်းကိုလည်း သက်သာစေပါသည်။ သံဓါတ်ပါဝင်တာဖြစ်သည့်အတွက် သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားနှင့် ကိုယ်တွင်းအောက်ဆီဂျင်ပြည့်ဝစေဘို့ အထောက်အကူဖြစ်စေပါသည်။ အဆစ်ရောင်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ဆူးပုတ်ရွက်က အစာကြေသလို အူတွေကိုအာဟာရ စုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှုကောင်းစေပါသည်။ ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် စားသောက်ရန် မသင့်တော်သူများမှာ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ခလေးသူငယ်များစားသောက်ရန်မသင့်ပါ။

    ဆူးပုတ်ရွက်ဟာ ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ အာဟာရတွေပါဝင်ပေမယ့် အလွန်အကျွံ့ စားသုံးမိလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများဖြစ်တတ်ပါသည်။ ဆူးပုတ်ရွက်ပင်များအား စိုက်ပျိုးရာတွင် လွယ်ကူစွာရှင်သန်နိုင်ပါသဖြင့် တောရောမြို့များမှာပါ စိုက်ပျိုးလျှင်ဖြစ်ထွန်းပါသည်။ ဆူးပုတ်ပင်အား စီးပွားဖြစ်စိုက်ပျိုးလျှင် မြေကျင်းတူးပြီး တစ်ပင်နှင့် တစ်ပင်အကြား တစ်တောင်အကွာခြားပြီး စိုက်ပျိုးရပါသည်။ ကျင်းအနက်တူးလျှင် တစ်ပေအနက် တူးပြီး နွားချေးနှင့်ယူရီးယားဓါတ်မြေဩဇာရောကာ ထည့်ပေးရပါသည်။ နွေရာသီအချိန်တွင် ဆူးပုတ်ပင်များအား ရေများများလောင်းပေးရပြီး အညွှန့်များအား (၃)ရက်လျှင် တစ်ကြိမ် ခူးယူရ ပါသည်။ ဆူးပုတ်ပင်သည် အရွက်နုများအားရောင်းစားရနိုင်သကဲ့သို့ အပင်အားကိုင်းကူးပြီး ဈေးကွက်တွင်ရောင်းချနိုင်ပါသည်။ ဆူးပုတ်ရွက်များအား ဈေးကွက်အတွင်းရောင်းချရာတွင် ဆူးပုတ်ရွက်အနုလေးများ အခက်(၃)ခက်ပါ တစ်စည်းလျှင် (၅၀)ကျပ်ဖြင့် ရောင်းချပါသည်။

   ရွှေတောင်မြို့နယ်အနီးတဝိုက်ရှိရွာများတွင်လည်းကောင်း၊ ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ဆူးပုတ်ပင်များအား တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ပွဲစားများမှလာရောက်ဝယ်ယူပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)