တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုပ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ၊ ကုလားအော်သီးစိမ်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ခရမ်းသီးဖြူ တစ်ပိဿာလျှင် ၅၅၀ ကျပ် မှ ၆၀၀ ကျပ်အထိဖြင့် ဧပြီလ ပထမပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ခရမ်းသီးညိုမှာ ဧပြီလ (ပထမပတ်)တွင် တစ်ပိဿာလျှင် ၁၁၀၀ ကျပ် မှ ၁၂၀၀ ကျပ်အထိရှိရာမှ သင်္ကြန်ကာလပြီးသည့် ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။
သခွါးသီးမှာ ဧပြီလ ပထမပတ်က ဒေသသီး တစ်ပိဿာလျှင် ၁၃၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိလည်းကောင်း ရှမ်းပြည်သီးမှာ ဧပြီလ ပထမပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ဖြင့် ဈေးနှုန်း ကျဆင်းခဲ့ပါသည်။
ခရမ်းချဉ်သီးမှာ ဧပြီ(ပထမပတ်)က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်ပိသာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိလည်းကောင်း၊ ဂေါ်ဖီမှာ ဧပြီ ပထမပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိလည်းကောင်း ဈေးနှုန်းမြင့်တက်ပါသည်။
ဂေါ်ရခါးသီးမှာ တစ်လုံးလျှင် ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိ၊ ပြောင်းဖူး အကြီးမှာ တစ်ဖူးလျှင် ၂၅၀ ကျပ်၊ အသေးမှာ တစ်ဖူးလျှင် ၁၅၀ ကျပ်၊ နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၃၀၀ ကျပ်၊ တစ်ပိသာ ၂၅၀၀ ကျပ်ဖြင့် ဧပြီလ ပထမပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
ကန်စွန်းရွက် တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချပြီး ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့်ရောင်းချပြီး ၁၀ စည်းဝယ်လျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)