Main menu

ရာသီစာ ကန်စွန်းဥစိုက်ပျိုးမှုနှင့် စားသုံးပေးခြင်းဖြင့် ရရှိသောကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal

ကန်စွန်းဥကို မြန်မာပြည်၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း အော်ဂဲနစ်များစွာပါဝင်သော သဲနှင့်နုန်းရောထားသော သမမြေအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်။ ရေဝပ်ခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်ရန် လိုအပ်သည်။ မြစ်ရေဝင်သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ သို့မှသာ အမြစ်ကောင်းစွာကြီးထွားလာမည်ဖြစ်ပြီး အပင်အဖြစ်သန်၍ အထွက်နှုန်းကောင်းမွန်လာမည်။ ကန်စွန်းညွှန့်နွယ်ကိုင်းကို (၁၀) လက်မခန့်အရှည်၊ အဆစ်လေးဆစ်ပါဝင်သောအညွန့်ကို ဖြတ်၍စိုက်ပျိုးကြသည်။ ကန်စွန်းဥမှာ မျိုးပေါင်းမြောက်များစွာရှိပြီး အသားမာနှင့်အသားပျော့ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ကန်စွန်းဥ၏ အရောင်နှင့် အပင်ပေါက်ပုံအပေါ်မူတည်ပြီး အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ရေမြေရာသီဥတုအနေဖြင့် ပူနွေးရာသီလေးလခန့်ရှိပြီး မိုးအသင့်အတင့်ရွာသောဒေသဖြစ်ပြီး အလင်းရောင်ကောင်းမွန်၍ သဲဆန်သောမြေများတွင် စိုက်ပျိုးရာ၌ အကောင်းဆုံးဖြစ်သည်။ ကန်စွန်းဥကိုစိုက်ပျိုးရာတွင် အညွန့်ကိုယူ၍ စိုက်ရသည်။ ဥကောင်းများကိုရွေးချယ်ပြီး ပျိုးထောင်၍ရရှိသောအညွန့်များကို စိုက်ပျိုးရာ ပို၍အထွက်နှုန်းကောင်းမွန်သည်။ ကန်စွန်းဥသည် မိုးရာသီစိုက်လျှင် ရေသွင်းရန်မလိုအပ်ဘဲ ဆောင်းရာသီစိုက်လျှင် လိုအပ်ပါက ရေသွင်း၍စိုက်ပျိုးရပါသည်။ ရေသွင်းစိုက်ပျိုးလျှင် ကန်စွန်းဥပိဿာအထွက်နှုန်းပိုမိုများပြားကြောင်း သိရှိရသည်။ အပင်ပြုစုမှုအပေါ်မူတည်ပြီး ထွက် ရှိမှုကွဲပြားသည်။ တစ်ဧကလျှင် ပိဿာ(၃၀၀၀ မှ ၅၀၀၀ )ထိထွက်ရှိကြောင်း သိရှိရသည်။ ကန်စွန်းဥများကို စိုက်ပျိုးချိန်မှစ၍ (၄)လ၊ ရက်ပေါင်း(၁၂၀)ခန့်တွင် ရိတ်သိမ်းတူးဖော်သည်။ သို့သော် ပျိုးအပေါ်မူတည်၍ ရိတ်သိမ်းချိန်ပြောင်းလဲပြီး အချို့ဒေသများတွင် စော၍တူးဖော်ကြပါသည်။

ကန်စွန်းဥစိုက်ခင်းများကို ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ကိုးထောင့်အုပ်စုအတွင်းရှိ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ပဒေသာကျွန်းကျေးရွာများတွင် ကိုင်းကျွန်းသဲမြေများ၌ အများဆုံးစိုက်ပျိုးလျက်ရှိသည်။ (၂၀၂၂-၂၀၂၃)ခုနှစ်တွင် စိုက်ဧက(၂၀၀၀)ခန့်စိုက်ပျိုးပြီး နှစ်စဉ် ဒေသစီးပွားအဖြစ် အမြောက်အမြားစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် “ရွှေဝါနှင့်ငချိတ်”ဟူသော ကန်စွန်းဥနှစ်မျိုးကိုစိုက်ပျိုးကြပြီး ယခုနှစ်တွင် ငချိတ်မျိုးကိုအများဆုံးစိုက်ပျိုးသည်။ တစ်ဧကလျှင် ကန်စွန်းညွန့်(၃)သောင်းခန့်ဝင်ဆံ့စိုက်ပျိုးပြီး တစ်ညွန့်လျှင် (၅)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ဘောင်တင်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ ထယ်ချောင်းဆွဲပြီး ပင်ကြားတန်းကြား၌ (၂)ပေအကွာစိုက်ပျိုးကြောင်း၊ ကန်စွန်းအညွန့်များကိုစိုက်ရာတွင် နှစ်ဆစ်ကို မြေတွင်ထည့်စိုက်ပြီး ဘေးအစွန်းနှစ်ဆစ်ကိုမြေပေါ်တွင်ထားရှိပြီး စိုက်ပျိုးကြသည်။ ဥစားကန်စွန်းညွန့်များကို ဆောင်းရာသီအစ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ကန်စွန်းဥများကိုတူးဖော်ကြသည်။ ကန်စွန်းဥတူးဖော်ချိန်နောက်ကျလျှင် ဥများတွင်ပိုးဝင်ခြင်းကြောင့် ပျက်စီးမှုများမများစေရန် (၃) လအကြာတွင် တူးဖော်ကြသည်။

     ကန်စွန်းဥတစ်ဧကလျှင် ယခုနှစ်အထွက်နှုန်းမှာ ပိဿာ(၃၀၀၀)ခန့်ထွက်ရှိပြီး ဒေသပေါက်ဈေးမှာ တစ်ပိဿာလက်ကားဈေးကို ကျပ်(၈၀၀/၉၀၀)ဖြင့်ရောင်းချရပြီး ယခင်နှစ်အထွက်နှုန်းမှာ ပိဿာ(၃၅၀၀)ထွက်ရှိခဲ့ပြီး သီးနှံပေါ်စတွင် ဒေသပေါက်ဈေးမှာ တစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် (၃၅၀)လက်ကားဈေးဖြင့်ရောင်းရသော်လည်း ယခုနှစ်တွင် ကျပ် (၈၀၀-၈၅၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုနှစ် ကန်စွန်းဥစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကုန်ကျစရိတ်မှာ (၅)သိန်းခန့်ကုန်ကျပြီး (၂၇)သိန်းခန့်ဝင်ငွေရရှိ၍ ကျပ်သိန်း(၂၀)ခန့်အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။ ယခုနှစ်ကန်စွန်းဥစိုက်တောင်သူများမှာ စိုက်ပျိုးမြေများတွင် မြစ်ရေတက်ချိန်၌ စိုက်ခင်းအတွင်း ရေဝင်ခြင်းမရှိ၍ မြေအောက်ရေမရရှိခြင်းကြောင့် အထွက်နှုန်းနည်းသွားခြင်းဖြစ်သော်လည်း သီးနှံပေါ်ချိန်တွင် ယခင်နှစ်ထက် ကန်စွန်းဥတစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် (၅၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့်တင်ရောင်းချရခြင်းဖြစ်ပါ၍ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကန်စွန်းဥစိုက်တောင်သူများမှာ ယခုနှစ်တွင် အကျိုးအမြတ်များစွာရရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။

  ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသောအသီးအနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ကန်စွန်းဥစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ကန်စွန်းဥတွင် ကဆီဓာတ်များစွာပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပိုင်းဒေသပိုင်းတွင် စိုက်ပျိုးလျက်ရှိသောအရေးကြီးသီးနှံတစ်မျိုးဖြစ်သည်။ အရောင်မှာ ရွှေဝါရောင်၊ ငချိန်ရောင်၊ အဝါဖျော့ရောင်များရှိပြီး ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ယိုထိုးစားခြင်းအပြင် မုန့်မျိုးစုံပြုလုပ်ရာတွင်လည်းအသုံးပြု၍ ရရှိသောသီးနှံဖြစ်သည့်အပြင် စက်မှုကုန်ကြမ်းသီးနှံအဖြစ်လည်းအသုံးဝင်ပါသည်။ အခြားဥစားသီးနှံများနှင့်နှိုင်းယှဉ်ပါက ကယ်လိုရီများစွာပိုမိုပါဝင်၍ ကျန်းမာရေးအတွက် အထောက်အကူပြုသောသီးနှံဖြစ်ပါသည်။ တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးဝင်သည်။ ကန်စွန်းဥကို တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများတွင် အများဆုံးစိုက်ပျိုးကြသည်။

    ကန်စွန်းဥတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီနှင့်အီးတို့မြင့်မားစွာပါဝင်၍ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါသည်။ အမျှင်ဓာတ်များစွာပါဝင်ခြင်းကြောင့် စားသုံးပေးခြင်းဖြင့် ကလေးရောလူကြီးပါ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်လျော့ချပေးခြင်းအပြင် ငချိတ်ရောင်ကန်စွန်းဥကိုစားသုံးပေးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါများလျော့ချပေးခြင်း၊ ဗီတာမင် "အေ" ချို့တဲ့၍ မျက်လုံးကွယ်ခြင်း၊ ဗီတာမင် "စီ" ချို့တဲ့၍ မျက်လုံးအတွင်း တိမ်ဖြစ်ပေါ်ခြင်းမှလည်းကာကွယ်ပေးခြင်း၊ ကန်စွန်ဥမှာ ဗီတာမင် "အေ" နှင့် "စီ" မြင့်မားစွာပါဝင်ခြင်းကြောင့် စားသုံးပေးခြင်းဖြင့် အမြင်အာရုံကောင်းမွန်မှုကို အထောက်အကူဖြစ်စေပါသည်။ ကန်စွန်းဥတွင် အဓိကမှာ အမျှင်ဓာတ်များစွာပါဝင်၍ ကင်ဆာရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်းအပြင် ဆံပင်နှင့်အသားအရေကို ကောင်းမွန်စေခြင်း၊ အရွယ်တင်နုပျိုစေခြင်းနှင့် ဗီတာမင် "အီး" များစွာပါဝင်၍ ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးရာတွင် အထူးအသုံးဝင်ပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကို မတက်စေခြင်း၊ ဆီးချိုရောဂါမှကာကွယ်ပေးခြင်းနှင့် သံဓာတ်များစွာပါဝင်မှုကြောင့် ရောဂါဒဏ်ခံနိုင်ရည်ရှိစေပါသည်။

      ကျန်းမာရေးအတွက် ဆေးဖက်ဝင်ဖြစ်သောကန်စွန်းဥကိုစားသုံးပေးခြင်းဖြင့် ရရှိသောကျန်းမာရေးကောင်းကျိုးများကိုသိရှိကြပြီး အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း ဈေးချိုချိုဖြင့် အလွယ်တကူဝယ်ယူရရှိသည့်ကန်စွန်းဥကို စားသုံးပေးသင့်ပါကြောင်းနှင့် ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားလျက်ရှိသောဈေးသည်များနှင့် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး စိုက်တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်များစွာရရှိလျက်ရှိသော ရာသီစာဆောင်းသီးနှံဖြစ်သောကန်စွန်းဥကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)