Main menu

ပေါ်ဦးပေါ်ဖျား သရက်သီးများ

Powered by Drupal

     မြန်မာနိုင်ငံတွင် ရင်ကွဲသရက်၊ စိန်တစ်လုံးသရက်၊ မချစ်စု၊ ရွှေဟင်္သာနှင့် ပတ္တမြားငမောက် စသည်များကို အများဆုံးစိုက်ပျိုးကြပါသည်။ သရက်သီးအမျိုးအစားများစွာရှိပြီး စိုက်ပျိုးရာဒေသ၊ အသီးပုံသဏ္ဍန်ပေါ်မူတည်၍ အခေါ်အဝေါ်ကွဲပြားပါသည်။ သရက်သီးသည် အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ ဟန်မြင့်မိုရ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့များတွင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်း လျက်ရှိကြောင်း တွေ့ရပါသည်။ သရက်သီးမျိုးစိတ်များစွာရှိသည့်အနက် စိန်တစ်လုံးသရက်သီးမှာ အရသာအရှိဆုံးဖြစ်ပြီး အမျှင် နည်းပါး၍ အသားနူးညံ့သောကြောင့် ဝယ်လိုအား အများဆုံးဖြစ်ပါသည်။ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်၊ အသီးမှာ သရက် ဆိုသည့်အတိုင်း စိန်တစ်လုံးသရက်သီးကို  တော်ဝင်သရက်သီးအဖြစ် သတ်မှတ်ကြသလို ကြိုက်နှစ်သက်သူလည်း များပြားလှပါသည်။ စိန်တစ်လုံးသရက်သီးအား ယခင်နှစ်တွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့မှုခဲ့ပြီး ယခုနှစ်  သရက်သီးပေါ်ချိန်တွင် တရုတ်နိုင်ငံ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဈေးကွက်ကြိုတင် ချိတ်ဆက်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့မှ ထွက်ရှိသည့် စိန်တစ်လုံးသရက်သီးမှာ မေလနောက်ဆုံးအပတ်မှ ထွက်ရှိမည်ဖြစ်ပါသည်။ ယခုအခါ ရှမ်းပြည်နယ်ဒေသအတွင်း ရောင်းချနေသော သရက်သီးမှာ ဟန်မြင့်မိုရ်မှ ထွက်ရှိသည့်အသီးများဖြစ်ပြီး တစ်လုံးလျှင် (၈၀၀ - ၁၀၀၀)ကျပ် အတွင်း ရောင်းချနေကြောင်း တွေ့ရှိရပါသည်။

DOCA(ရှမ်း)