ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ထမင်းစားရာတွင် တို့စရာသီးနှံတစ်မျိုးဖြစ်သော သခွားသီးများစိုက်ပျိုးထားရှိကြောင်း သိရပါသည်။ ထိုသခွားသီးကို တန်ခူးလဆန်းတွင် စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်၍ ရောင်းချကြောင်း သိရပါသည်။ သခွားပင်ကို စိုက်ပျိုးရာ ၀.၂၅ ဧကတွင် မျိုးစေ့ထုပ် (၁)ထုပ်သာ အသုံးပြုရပြီး (၁)ထုပ်လျှင် (၇၅၀၀)ကျပ်ဖြင့် ဝယ်ယူရသည့်အတွက် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ သခွားသီးကို ခူးဆွတ်ရာတွင် တစ်ရက်ခြား တစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အလုံး(၅၀၀)ခန့်ရရှိကြောင်း သိရပါသည်။ သခွားသီးရောင်းဈေးအနေဖြင့် တစ်လုံးလျှင် (၁၅၀)ကျပ်နှုန်းဖြင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအထိ လာရောက်ဝယ်ယူကြပါသည်။ သခွားသီး ခူးဆွတ်ရာတွင် စတင်ခူးချိန်မှစ၍ (၅)ပတ် ခန့်ကြာမြင့်ပြီး ရောင်းရငွေမှာ (၃၀၀၀၀၀)ကျပ်ခန့် ရရှိသဖြင့် အသားတင်အကျိုးအမြတ်အနေဖြင့် (၂၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် အသီးအထွက်နှုန်းကောင်းသော်လည်း (၁)လုံးလျှင် (၅၀)ကျပ်ခန့် ရရှိသောကြောင့် အကျိုးအမြတ်က ယခုနှစ်နှင့် နှိုင်းယှဉ်လျှင် သိပ်မကွာခြားကြောင်း သိရပါသည်။
DOCA (ပဲခူး)