Main menu

ပင်းတယ အာလူးခြောက်ဈေးကွက် အခြေအနေ

Powered by Drupal

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကြေးတွင်းကုန်းကျေးရွာတွင် ဒေသထွက် အာလူးများကို အာလူးခြောက်အဖြစ်ပြုလုပ်၍ ရိုးရာအစားအစာ အဖြစ်လည်းကောင်း၊ ဒေသထွက်လက်ဆောင်အနေဖြင့်လည်းကောင်း တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိပါသည်။ အာလူးခြောက်ပြုလုပ်သည့်နည်းလမ်းမှာ ပထမအဆင့်အနေဖြင့် အာလူးများ အနံ့ပျောက်စေရန်အတွက် လှီးထားသော အာလူးချပ်များကို ရေဖြင့် သုံးထပ် လေးထပ် ဆေးပေးရပါသည်။ပြီးနောက် ရေနွေးဆူဆူထဲတွင်ဆား၊အရသာမှုန့်သင့်ရုံထည့်၍ အာလူးများကိုထည့်ကာ သမအောင်မွေပြီး (၁၀)မိနစ်ခန့်ပြုတ် ပေးရပါသည်။ အာလူးခြောက်ပြုလုပ်ရာတွင် အာလူးပြုတ်ခြင်းသည် အဓိက ကျပြီး မပျော့လွန်း၊ မမာလွန်းအနေအထားတွင် အာလူးချပ်များကို ဆယ်ယူပြီး နေပူပူတွင် တစ်ချပ် ချင်း ခပ်ခွာခွာအနေအထားဖြင့် ခြောက်သွေ့သည်အထိလှန်းပြီးလျှင် အာလူးခြောက်များကို ရရှိပါသည်။

 ပင်းတယအာလူးခြောက်ကို ကြော်စားသည့်အခါ ပုံမှန်စားနေကျ အာလူးကြော်များနှင့်မတူဘဲ အရောင်ဖြူကာ အသားထူ၍ စားကောင်းသောကြောင့် ပင်းတယဒေသတွင်း၌သာမက ပင်းတယသို့ လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များကလည်း အထူးကြိုက်နှစ်သက်ကြပြီး ဒေသထွက်လက်ဆောင်များအဖြစ် ဝယ်ယူမှုများပြားလျက်ရှိနေကြောင်း သိရှိရပါသည်။ ဈေးနှုန်း များအနေဖြင့် ပင်းတယအာလူးခြောက် တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀) ခန့်ပေါက်ဈေးရှိပြီး လက်လီအထုပ်ငယ်များအနေဖြင့် တစ်ထုပ်လျှင် ကျပ်(၂၅၀၀)မှ (၃၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိပြီး တောင်ကြီး၊ ရန်ကုန် ၊မန္တလေးမြို့ကြီးများနှင့် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)