Main menu

ဇီးကုန်း ၊ ပေါက်ပေါက် ၊ ထန်းလျက်ဈေးကွက်

Powered by Drupal

     ပဲခူးတိုင်း‌ဒေသကြီး ၊ နတ်တလင်းခရိုင် ၊  ဇီးကုန်းမြို့နယ်၊ ကျေးရွာအချို့တွင် ထန်းလျက်ချက်လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ သာပေါင်းအုပ်စု ၊ ကံညီကိုကျေးရွာမှ ဇီးကုန်းပေါက်ပေါက် ၊  ထန်းလျက်များ လုပ်ကိုင်ဖြန့်ဖြူးနေသော ဒေါ်ကြည်မြင့်အား တွေ့ဆုံ၍ ရောင်းဝယ်ဖြန့်ဖြူး လုပ်ကိုင်နေမှု အခြေအနေများ ၊ ဈေးကွက်နှင့် ဝင်ငွေရရှိမှုအခြေအနေအား လေ့လာခဲ့ပါသည်။

       ဒေသတွင်း ကျေးရွာများတွင် လယ်ကန်သင်းပြင်များ၌ အစုလိုက် လည်းကောင်း ၊ တစ်ပင်ချင်း လည်းကောင်း အနီးကပ်ပေါက်နေသော ထန်းပင်များအား ထန်းလုပ်ငန်းလုပ်ကိုင်ရန် ထန်းတက်သမားများကို မြင်းခြံမြို့နယ်မှ ငှားရမ်းပြီး လွန်ခဲ့သောနှစ်ပေါင်း (၂၀) ခန့်က စတင်လုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင် လက်လီ ၊ လက်ကားဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရပါသည်။

      ထန်းလှီးချိန်သည် တန်ဆောင်မုန်းလမှ ကဆုန်လအထိ (၇)လဖြစ်ပြီး အပင်(၄၀)ခန့် လုပ်ကိုင်နေကြောင်း၊ တစ်လအတွင်းထန်းတက်ငှားခ (နှစ်သိန်းငါးသောင်း) ကျပ် ၊ မြူအိုးကောက်ခ- (တစ်သိန်း) ကျပ် ၊ထန်းလျက်ချက်ရန် ဖွဲကား (ဖောကား) တစ်စီး (တစ်သိန်း)ကျပ်နှုန်းဖြင့် တစ်လ (၃)စီးဖြင့် (သုံးသိန်း) ကျပ်ရှိပြီး မိသားစု (၄)ဦးနှင့် လုပ်ကိုင်ရာ တစ်လလျှင် ပျမ်းမျှ (ခုနှစ်သိန်း ငါးသောင်းခန့်) ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရပါသည်။

         တစ်ရက်လျှင်ထန်းလျက် (၁၅ မှ ၂၀) ပိဿာခန့် ထွက်ရှိပြီး တစ်လလျှင် ပိဿာ(၆၀၀) ခန့် ထွက်ရှိပါသည်။ ဇီးထန်းလျက်ကို ထန်းလျက် (၅)ပိဿာနှင့် ဇီးမှုန့် (၃)ပိဿာရော၍ ပြုလုပ်ရပြီး လိုအပ်သော ဇီးမှုန့်များကို တစ်ပိဿာ(၆၀၀)ကျပ် ဝယ်ယူရကြောင်း၊ အုန်းထန်းလျက်ကို ထန်းလျက် (၅)ပိဿာနှင့် အုန်းသီး (၃)လုံး ခန့်ဖြင့် ပြုလုပ်ရပြီး အုန်းသီး (၁)လုံး(၁၀၀၀) ကျပ်ဖြစ်ကြောင်း၊ ပေါက်ပေါက် ထန်းလျက်အား ထန်းလျက် (၅) ပိဿာနှင့် ပေါက်ပေါက် (၂)ပိဿာဖြင့် ပြုလုပ်ပြီး ပေါက်ပေါက် တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ဝယ်ယူရကြောင်း သိရပါသည်။ ထန်းလျက် (ဇီး ၊အုန်း၊ ပေါက်ပေါက်) တစ်ပိဿာလျှင် ဈေးနှုန်းတူ လက်လီ (၄၀၀၀) ကျပ် ၊  လက်ကား (၃၆၀၀) ကျပ်ဖြင့် ရန်ကုန် ၊ လက်ပံတန်း ၊ ကြို့ပင်ကောက် ၊နတ်တလင်း ၊ ဇီးကုန်းမြို့နယ်နှင့် ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မိသားစုဝင်(၄)ဦး လုပ်အားခတစ်လဝင်ငွေ (၁)ဦးလျှင် (၃၅၀၀၀၀)ကျပ် နှုန်းဖြင့် (၁၄)သိန်းခန့်ရရှိကြောင်း ဓာတုဆေးများမသုံးစွဲဘဲ ဒေသထွက် ထန်းပင်ကျရည်များအား ချက်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။  

DOCA(ပဲခူး)