ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့ကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ရတနာဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ပြဋ္ဌာန်းချက်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနကဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)