Main menu

“ရာသီပေါ် ဟင်းငုတ်ပွင့် (ခ) သခွပ်ပွင့်များစျေးကောင်းရ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ရေးစီးရေလာနှင့် မြေဆီမြေသြဇာကောင်း မွန်သောဒေသဖြစ်သည့်အလျှောက် စပါး၊ပဲမျိုးစုံ၊ပြောင်း၊ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအပြင် လေ့ကျပေါက် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါ သည်။ ၄င်းအပင်များအနက် ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဟင်းငုတ်ပွင့် (ခ) သခွပ်ပွင့်များမှာ ယခုလို မိုးဦးကျအချိန်များတွင် အများဆုံးပွင့်ကြပါသည်။ ဟင်းငုတ်ပင်များ အများဆုံးပေါက်ရောက်သော အညာဒေသတွင် ဟင်းငုတ်ပွင့်များကို စျေးများတွင် ရောင်းချလျက်ရှိပါသည် ။ ဆေးဘက်ဝင် အရသာရှိသော ဟင်းငုတ်ပွင့်အခြောက် လက်လီရောင်းစျေးအနေဖြင့် (၁၀)ကျပ်သားလျှင်(၁၀၀၀/-) ကျပ်ဖြင့်ရောင်းချကြသလို စျေးများတွင် အပုံလေးများပုံ၍ (၁)ပုံလျှင် (၂၀၀/-)ကျပ် ၊ (၃)ပုံယူလျှင် (၅၀၀/-)ကျပ်ဖြင့် ကိုယ်စားချင်သလောက် တစ်နိုင်ဝယ်ယူ၍ စားသုံးကြပါသည် ။ ဖောက်သည်စျေးအနေဖြင့် ဟင်းငုတ်ပွင့်အခြောက် (၁)ပိဿာလျှင်(၇၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရောင်းချကြပါသည် ။ ဟင်းငုတ်ပင် အပင်ကြီး(၂-၃)ပင်ရှိသောသူများမှာ ရာသီပေါ်ချိန်တွင် (၁)နှစ်လျှင် ဟင်းငုတ်ပွင့် အခြောက်(၆-၇)ပိဿာအထိရရှိကြောင်း၊အိမ်သုံးစရိတ်များရရှိသည့်အပြင် ဟင်းစားအတွက်လည်း မပူရကြောင်း၊ဟင်းငုတ်ပွင့်ကို ပြုတ်၍တို့စားကြသလို အပွင့်ကိုပြုတ်ပြီး ဆီချက်၍ မြေပဲဆံများဖြင့်လည်း သုပ်၍စားကြပါသည်။ ဟင်းငုတ်ပွင့်ကိုရေစိမ်ပြီး ကြာဇံဖြင့်လည်းကြော်၍လည်း စားသုံးကြပါသည်။ ဟင်းငုတ်ပွင့်အခြောက်ကို ရေနွေးထဲသို့ခပ်၍စားသုံးပါက အဆိပ်အတောက်ကို ပြေစေပါသည်။ ဘီပိုး ၊ စီပိုးများကိုလည်း ဟင်းငုတ်ပွင့်စားသုံးခြင်းဖြင့်ပြေပျောက်လျော့နည်းစေနိုင်ပါသည် ။ အဆိပ်ရှိသော မြွေ၊ကင်းများကိုက်ပါက အခေါက်ကိုဝါးစား၍ အဆိပ်ကိုထိန်းထားနိုင်ကြောင်း၊ ကိုယ်လက် အင်္ဂါများကိုက်ခဲ့ပါက အခေါက်ကိုပြုတ်၍ ရေချိုးလျှင်လည်းသက်သာနိုင်ပါသည် ။ ဟင်းငုတ်ပင်၏ အရွက်နုများကိုလည်း ဟင်းခါးချက်၍ စားသုံးကြပါသည်။ ကလေးသူငယ်များ ရေကျောက်ပေါက်ပါက ဟင်းငုတ်ပင်အရွက်ကိုပြုတ်၍ တိုက်လျှင် သက်သာပျောက်ကင်းစေပါသည်။ ဟင်းငုတ်ပင်သည် တစ်ပင်လုံးအသုံးဝင်ပြီး ကျန်းမာရေးအတွက်လည်း ဆေးဘက်ဝင်အပင်ဖြစ်သည့်အပြင် အရသာ လည်းရှိ ဟင်းအဖြစ်ချက်ပြုတ်စားသုံး၍ရသောကြောင့် ဟင်းငုတ်ပွင့်များကို အိမ်ရှင်မများဝယ်ယူ စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)