မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍သီးနှံမျိုးစုံစိုက်ပျိုးသည့်ဒေသ ဖြစ်ပါသည်။၄င်းသီးနှံများအနက် ငရုတ်သီးနှံကိုလည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ငရုတ်သီးနှံကို ကျောက်ဆည်ခရိုင်အတွင်းတွင် ကျောက်ဆည်မြို့နယ်၌(၅၀၂၁)ဧက၊ စဉ့်ကိုင်မြို့နယ် ၌(၉၆၅)ဧက၊မြစ်သားမြို့နယ်၌(၂၅၁၁)ဧက၊စုစုပေါင်း(၈၄၉၇)ဧကစိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ငရုတ်သီးနှံကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် စတင်ခူးဆွတ်နေရပြီဖြစ်ကြောင်း ၊ ငရုတ်မျိုးများအနေဖြင့် သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂မျိုးနှင့်တိုးတိုးအောင်မျိုးများကို စိုက်ပျိုးကြပါသည်။တောင်သူအများစုမှာ စိုက်ပျိုးစရိတ်ကုန်ကျ သက်သာသော သာမို ၊ ဒီမွန် ၊ အာစတာ ၊ ၆၉၂ မျိုးများကို ပုံမှန်စိုက်ပျိုးကြ သော်လည်း အထွက်နှုန်းကောင်းပြီး စိုက်ပျိုးမှုကုန်ကျစရိတ်များသော တိုးတိုးအောင်ငရုတ်မျိုးအား ယခုနှစ်တွင် စတင်စမ်းသက် စိုက်ပျိုးလာကြပါသည် ။ တိုးတိုးအောင် ငရုတ်စိုက်ပျိုးသူ တောင်သူတစ်ဦး၏ပြောကြားချက်အရ တိုးတိုးအောင်ငရုတ်(၁)ဧက စိုက်ပျိုးလျှင် မျိုးထုပ်အနေဖြင့်(၁၀)ထုပ် ကုန်ကျကြောင်း၊မျိုးစေ့ကို ပျိုးထောင်ပြီး(၁)လအကြာတွင် စတင်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့စျေးနှုန်း အနေဖြင့်(၁)ထုပ်လျှင်(၁၆၀၀၀/-)ကျပ် စျေးနှုန်းပေးရကြောင်း၊(၁)ဧကကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးသည့် ဒီဇင်ဘာလ မှ စတင်ခူးဆွတ်သည့် မတ်လဆန်းအထိ မျိုး ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၃၀-၃၅)သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် ငရုတ်သီးများဖြိုင်ဖြိုင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ငရုတ်သီးခူးဆွတ်ရာတွင်(၃-၅)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ အထွက်နှုန်း အနေဖြင့် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၂၀၀)ခန့်ထွက်ရှိကြောင်း ယခုအချိန်တွင် ပိဿာ(၅၀၀- ၆၀၀)ခန့်ထွက်ရှိနေပြီဖြစ်ကြောင်း၊ တိုးတိုးအောင် ငရုတ်စျေးနှုန်းအနေဖြင့် ငရုတ်သီးအစို(၁)ပိဿာလျှင် (၄၀၀၀-၄၂၀၀)ကျပ်ရှိပြီး အခြားငရုတ်များမှာ အစို(၁)ပိဿာလျှင်(၃၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တိုးတိုးအောင် ငရုတ်သည် စိုက်ပျိုးစရိတ်များသော်လည်း အခြားငရုတ်များထက် အထွက်နှုန်းကောင်းပြီး စျေးနှုန်းပိုမိုရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)