ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ပန်းတင်အုပ်စု ၊ သင်တောကျေးရွာတွင် ထန်းဖို ထန်းလျက်ခဲများကိုချက်လုပ်ရောင်းချလျက်ရှိပါသည်။ ထန်းပင်ပေါင်း ၆၀ ပင်ကျော်ခန့်ကို လယ်မြေများအတွင်းမှာ တစ်ပင်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် အငှားဝယ်ယူကာ တစ်နှစ်ပတ်လုံး အသုံးပြုပြီး ချက်လုပ်လျက်ရှိပါသည်။ ထန်းရည်ကတော့ နိုဝင်ဘာလမှ မေလအထိ ထွက်ရှိပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ထွက်ရှိသောထန်းရည်ကို အတည်ရည်ဟုခေါပြီး ဇန်နဝါရီလမှ မတ်လထိ ထွက်ရှိသော ထန်းရည်ကို တပွတ်ရည်ဟုခေါ်ဆိုပါသည်။ ဖေဖော်ဝါရီမှ မေလထိထွက်ရှိသော ထန်းရည်ကို ညှပ်ရည် ဟုခေါ်ပါသည်။ အတည်ရည်နှင့် ညှပ်ရည်ကိုတော့ ထန်းရည်အဖြစ် တစ်ပုလင်းလျှင် ၇၀၀/ကျပ်ဖြင့် ရောင်းချပါသည်။ တပို့ရည်ကတော့ ထန်းလျက်ချက်လုပ်ရန် အကောင်းဆုံး ဖြစ်ပါသည်။ ထန်းရည်ကို မနက် တစ်ကြိမ်ညနေတစ်ကြိမ် ထန်းလှီးပြီး ရယူပါတယ်။ ထန်းပင်တစ်ပင်မှာ မနက်လျှင် ၈ လီတာလျှင် ၄ ပိဿာထွက် ရှိပြီး ညနေအချိန်တွင် ၇ လီ တာ(၃.၅၀) ပိဿာခန့် ထွက်ရှိပါသည်။ ထန်းရည်ကို အိုးဖြင့် ခံယူကာ ထန်းရည်စုဆောင်းပြီး ထုံးကျက်တက်ရည် အနည်းငယ်ထည့်ကာ မိုးဗြဲဒယ်များနှင့် ကျိုချက်ရပါသည်။ တစ်ဒယ်လျှင် ၈ ပိဿာ ခန့်ထည့်ပြီး ထန်းလျက် မဖြစ်ခင် ညောင်စေးကျသည် အထိ ၁ နာရီခွဲခန့် ကျိုချက်ရပါသည်။ ပျစ်တွဲလာလျှင် ဇကော (သို့) လင်ဗန်းများထဲသို့ ခပ်ထဲ့ပြီး နှီးဖျာများဖြင့် ဖြန့်ခင်းကာ ထန်းလျက်ခဲပုံဖော်ပြီး ထန်းလျက်ခဲ ၂ ပိဿာ ရရှိကြောင်းနှင့် ကုန်ကျစရိတ်အနေဖြင့် တစ်နေ့လျှင် ထန်းပင်တက်ခ ၃၀၀၀ကျပ်၊ အလုပ်သမားခ ၂၀၀၀ကျပ်၊ထင်းဖိုး ၃၀၀၀ကျပ်၊ စုစုပေါင်း ၈၀၀၀ကျပ်ကုန်ကျပါသည်။ ထန်းလျက်ခဲ တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ရရှိပြီး တစ်ဒယ်အိုး(၂ပိဿာ) လျှင် ၁၀၀၀၀/ကျပ်ရရှိပါသဖြင့် အကျိုးအမြတ်အနေဖြင့် ၂၀၀၀/ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)