ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၁) ၌ အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်း စတင်သည့် အခမ်းအနားကို (၂၁-၄၀-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ အုန်းစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းစီမံကိန်းကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Arrawaddy - Chaophraya - Mekong Economic Cooperation strategy(ACMES)) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လုပ်ဆောင်မည်ဖြစ်သည့်အတွက် အုန်းသီးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အုန်းစိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များအတွက် လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရာရောက်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အုန်းစိုက်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးက ယခုစီမံကိန်းကာလ၌ (၁-၅-၂၀၂၃) ရက်နေ့မှ (၃၀-၄-၂၀၂၄) ရက်နေ့အထိဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၉၀၀၀၀) ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် (၄) ရပ်နှင့်အညီ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုစနစ်ပီပြင်စွာဖြစ်ပေါ်လာပြီး အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာပိုင်းနှင့် ဈေးကွက်ရရှိရေးအပိုင်းများတွင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်မည့်အစီအစဉ်များတွင်လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကူညီစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံများအား Sector အလိုက် အကျယ်တဝင့်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ အခမ်းအနားမှာ အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)