မန်ကျည်းပင်သည် နွေရာသီတွင် အေးမြသောအရိပ်ကိုပေးသည့်အပြင် မန်ကျည်းပင်တွင် အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ ယခုအချိန်သည် နွေရာသီ ရောက်ရှိ နေပြီ ဖြစ်သည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်အား ဟင်းချက်စား၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း ၊ ချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ အရံဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ အချို့ဒေသများတွင် အသုပ်များတွင်ထည့်၍ စားသုံးကြပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင် စီ၊ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ် စသည့်အာဟာရများစွာ ပါဝင်သဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး၊ ခန္ဓာကိုယ်၏ အင်စူလင် ပမာဏကို တိုးအောင်လုပ်ဆောင်ပေးနိုင်ပါသဖြင့် ဆီးချိုသမားများစားသုံးလျှင် သင့်တော်ပါသည်။ မန်ကျည်းရွက်ပြုတ်ရည်ဖြင့်လည်း အနာစိမ်းများကို ဖန်ရည်ဆေးပေးလျှင် သက်သာစေပါသည်။
မန်ကျည်းပင်များသည် စိုက်ပျိုး၍ရသလို သဘာဝအလျောက်လည်း ပေါက်ရောက်တတ်ပြီး မြို့ရွာ၊ ကျေးလက်ဒေသများတွင်ပါ ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြကာ အရွက်နုလေးများထွက်လာလျှင် ခူးယူပြီး ရာသီစာအဖြစ် ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် မန်ကျည်းရွက် (၁၀)ကျပ်သားလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)