(၃၀-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးသော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက တက်ရောက်နေသောသင်တန်းသူ/သင်တန်းသားများအား ဦးစွာမိတ်ဆက်ပြီး မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနအမည်ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA နှင့်မှားယွင်းတတ်ကြသဖြင့် ၎င်းဦးစီးဌာနနှစ်ခုအကြောင်းကို ကွဲပြားအောင်ရှင်းလင်းဆွေးနွေးလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ဖွဲ့စည်းပုံ၊ ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း၊ ဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများအကြောင်း သင်တန်းသူ/သင်တန်းသားများအား ဦးစွာရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသောစားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ယခုသင်တန်းသား/ကျောင်းသူများတွင် တချို့မှာ သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများလုပ်ကိုင်ကြမည့်သူများပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၃ရက်နေ့တွင်ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သင်တန်းသားများအား လက်ရှိသင်တန်းဆင်းပြီးသွားလျှင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟု မြင်သာအောင် ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက်ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ချက်ကို မြင်သာအောင်ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ပါက တိုင်း/ပြည်နယ်များရှိ DOCA နှင့် CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သင်တန်းသားများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)