မြင်းခြံခရိုင်၏ ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် နွေကြက်သွန်နီအကြီးစတစ်ပိဿာလျှင် (၁၃၅၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ အလတ်စတစ်ပိဿာလျှင် (၉၅၀)ကျပ်မှ (၁၂၅၀)ကျပ်ထိ၊ အသေးစတစ်ပိဿာလျှင် (၇၅၀)ကျပ်မှ (၈၅၀)ကျပ်ထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုမေလ(ပထမပတ်)ဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် (၁၇၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ အလတ်တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၆၀၀)ကျပ်ထိ၊ အသေးတစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နွေကြက်သွန်နီဈေးအနေဖြင့် ယခင်ဧပြီလ၊ နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ပျှမ်းမျှအားဖြင့် (၄၀၀)ကျော်ကျပ်နှုန်းခန့်ဈေးမြင့်တက်ခဲ့ပါကြောင်း၊ ကြက်သွန်နီတင်ပို့မှုအနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မြဝတီနှင့် မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိပါကြောင်း၊ ယခင်တစ်ပတ်တင်ပို့မှုမှာ (၁၂)ဘီးကား (၁၉)စီး၊ တန်ချိန်အားဖြင့် (၃၂၃)တန်၊ ယခုတစ်ပတ်တွင် တင်ပို့မှုမှာ (၁၂)ဘီးကား (၂၂)စီး၊ တန်ချိန်အားဖြင့် (၃၇၄)တန်ရှိခဲ့သဖြင့် ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် တန်ချိန်(၅၁)တန်ခန့် ပိုမိုတင်ပို့မှုရှိခဲ့ကြောင်း သိရှိရပါသည်။
ကြက်သွန်နီမှာ ယခုအချိန်တွင် ကောင်းသောသိုလှောင်ချိန်ဖြစ်သောကြောင့် အရည်အသွေးကောင်းမွန်သောနွေကြက်သွန်နီများမှာ ဝယ်လိုအားကောင်းသဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် မြင်းခြံဒေသရှိ ကံဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာနှင့် သမုန်းကိုင်းရွာများမှထွက်ရှိသော နွေကြက်သွန်နီများမှာ အရည်အသွေးကောင်း၍ သိုလှောင်ထားရှိနိုင်သောကြက်သွန်နီများဖြစ်သောကြောင့် ဈေးကွက်၌ မျက်နှာပန်းလှကာ ဈေးနှုန်းလည်းပိုမိုရရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)