ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သောအပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်စေရန် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြရာ ဈေးကွက်အတွင်း လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ခဝဲသီးကိုစားသုံးခြင်းအားဖြင့် သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်းနှင့် ကင်ဆာဖြစ်နှုန်းကိုလျော့ချပေးခြင်း စသည့်ကောင်းကျိုးများစွာကိုပေးစွမ်းနိုင်ပါသည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ်အဖြစ်ပြုလုပ်ကာ ငါးပိရည်နှင့်တွဲဖက်၍လည်းကောင်း စားသုံးကြပါသည်။ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသောခဝဲသီးဈေးနှုန်းမှာ (၂၅) ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ တချို့မှာ အတောင့်သေးတစ်တောင့်လျှင် (၃၀၀) ကျပ်နှင့် အတောင့်ကြီးတစ်တောင့်လျှင် (၅၀၀) တို့ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူများထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)